စစ်ကိုင်း ဩဂုတ် ၂၆
စစ်ကိုင်းခရိုင်/ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ စစ်ကိုင်းမြို့နယ်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စပါးသက်တမ်းအလိုက် သွင်းအားစုကို အချိန်ကိုက် အချိုးကျထည့်သွင်းခြင်း နည်းပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးရုံးဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခင်မောင်ဆင့်က အဖွင့်အမှာစကား ပြောကြားပြီး အဖွဲ့ဝင်(၂) ဦးတိုးဝေက သက်ဆိုင်ရာဌာနအနေဖြင့် ကျေးရွာတောင်သူများအားဖိတ်ခေါ်ကာ မိုးသီးနှံများ အထွက်နှုန်းရရှိရေးအတွက် နည်းပညာများဖြန့်ဖြူးပေးရာတွင် စိတ်ဝင်စားစွာလေ့လာမှတ်သားပြီး အထွက်နှုန်းရရှိအောင် လက်တွေ့ဆောင်ရွက်လုပ်ကိုင်သွားကြစေလိုကြောင်း ပြောကြားကာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်သီတာလွင်က နည်းစနစ်မှန်ကန်စွာစိုက်ပျိုးပြီး သွင်းအားစုများ အချိန်ကိုက်အသုံးပြုနည်းပညာကိုလည်းကောင်း၊ ခရိုင်စိုက်ပျိုးရေးရုံးမှ တာဝန်ရှိသူများကလည်း မြေဩဇာစနစ်တကျသုံးစွဲရေးနှင့် ဘက်စုံပိုးမွှားရောဂါကင်းစင်ရေးဆောင်ရွက်ရမည့် နည်းလမ်းများကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးဇော်ဦးက နည်းပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကိုလည်းကောင်း အသီးသီးဆွေးနွေးပေးခဲ့ကြသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျေးရွာတောင်သူများအား ယူရီးယားဓာတ်မြေဩဇာများကို နိုင်ငံတော်မှသတ်မှတ်ပေးထားသည့် နှုန်းထားများဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲသို့ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ ကျေးရွာတောင်သူများ တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။
ဇော်မြင့်နိုင်