ဘားအံမြို့တွင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ဘားအံ ဩဂုတ် ၂၆

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် အနာဂတ်လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလငါးတန်ဖွံ့ဖြိုးစေရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁:၃၀ နာရီခန့်က ဘားအံ မြို့နယ်၊ အ-ထ-က-(ခွဲ-၃)ကျောင်းခန်းမ၌ကျင်းပပြုလုပ်ရာ ဆရာ/ဆရာမများ၊ ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၁၆၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ရှေးဦးစွာ ဘားအံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စိုးစိုးအေးက လူငယ်စကားဝိုင်းကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက်  လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ Moderator အဖြစ် ဘားအံခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးကဆောင်ရွက်ပြီး အ-ထ-က(ခွဲ-၃)ကျောင်း Grade-12 မှ ကျောင်းသား/ကျောင်းသူများဖြစ်ကြသည့် နန်းစုနဒီကလူငယ်နှင့် အားကစားနှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း မောင်ဇွဲမာန်ထွန်းက လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ စောလေးနက်ထူးက လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအိရွှေစင်ထွန်းကလူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ နော်မေစင်လင်းက လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးကြပြီး  စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များမေးမြန်းကြရာ စကားဝိုင်းဦးဆောင်ဆွေးနွေးသူ ကျောင်းသား/ ကျောင်းသူများ၊ ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက မေးခွန်းများကို  ပြန်လည်ဖြေကြားခဲ့ပြီး ဘားအံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)