ဟင်္သာတ ဩဂုတ် ၂၅
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းက အင်္ဂပူမြို့နယ်၊ ကျွဲဇင်းကျေးရွာအုပ်စုရှိ ကညင်ဆည်သို့ရောက်ရှိပြီး သယံဇာတဝန်ကြီး ဦးအုန်းမြင့်တို့အဖွဲ့နှင့် ကညင်ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် Basic Design များ ပြင်ဆင်ရေးဆွဲရန် မုဒုံမောင်မောင် ကုမ္ပဏီလီမိတက်နှင့် ပူးပေါင်းလုပ်ကိုင်လျက်ရှိသော Dongfang Electric International Corporation မှ နိုင်ငံခြားသား အင်ဂျင်နီယာ(၄)ဦးတို့နှင့်အတူ ကညင်ဆည် ရေအားလျှပ်စစ်ဆောင်ရွက်မည့်လုပ်ငန်းများ ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ညနေပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ တိုင်းဒေသကြီးဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူးတို့သည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုအခြေအနေအား လာရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ခရိုင်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ ခရိုင်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့မှ မြစ်ကမ်းပါးပြိုကျခဲ့မှုအခြေအနေများ၊ မြစ်လမ်းကြောင်းအခြေအနေများ၊ ဆက်လက်ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများနှင့် ကမ်းပါးပြိုကျမှုထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်ထားမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာတွင် School Cum Shelter တည်ဆောက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများမှ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်၊ ပြန်/ဆက်(ဟင်္သာတ)