ဘားအံ ဩဂုတ် ၂၅
ရှေးသုတေသီပညာရှင်များ၏ အဆိုအရ ကရင်လူမျိုးများ၏ မူလဒေသမှာအာရှတိုက်အလယ်ပိုင်းရှိမြင့်မားသော တောင်တန်းများခြံရံသည့် ကုန်းမြင့်ကြီးများဖြစ်သည်ဟုယူဆကြပြီး ရေကြည်ရာမြက်နုရာနှင့် အေးချမ်းသော၊ ပိုမိုကောင်းမွန်သော နေရာဒေသအသစ်များကို ရှာဖွေရန် အရှေ့တောင်အရပ်သို့ဆင်းသက်လာရာတွင် ကြုံတွေ့ခဲ့ရသည့်အခက်အခဲနှင့် ဘေးဒုက္ခများအပေါ်အခြေခံ၍ လက်ကောက်ဝတ်တွင်ချဉ်ဖြူဖွဲ့သည့် အလေ့အထပေါ်ထွန်းခဲ့သည်ဟု မှတ်သားရသကဲ့သို့ ကရင်လူမျိုးများ တိဗက်ကုန်းပြင်မြင့်မှ ဆင်းသက်လာရာလမ်းကြောင်းတစ်လျှောက်တွင် ညီအစ် ကိုမောင်နှမဆွေမျိုးများ တစ်ဦးနှင့်တစ်ဦးအချင်းချင်းမှတ်မိနိုင်ရန် မိမိတို့၏လက်ကောက်ဝတ်တွင် ချည်ဖြူဖြင့် ရစ်ပတ်ချည်နှောင် အမှတ်သညာပြုခဲ့ကြရာမှ လက်ကောက်ဝတ်တွင်ချည်ဖြူရစ်ပတ်ချည်နှောင်ထားသည်ကိုတွေ့လျှင် ကရင်လူမျိုးဖြစ်ကြောင်းသိနိုင်ပြီး ထိုမှစ၍ ချည်ဖြူဖွဲ့မင်္ဂလာ ပေါ်ပေါက်လာသည်ဟုလည်း မှတ်သားရပါသည်။
ဝါခေါင်လသို့ရောက်တိုင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း နေရာအနှံအပြား၌ မှီတင်းနေထိုင်ကြသော ကရင်တိုင်းရင်းသားလူမျိုးများသာမက ပြည်ပနိုင်ငံအများအပြားတွင် ရေကြည်ရာမြက်နုရာ ရောက်ရှိနေထိုင်ကြသော ကရင်တိုင်းရင်းသားလူမျိုးများသည်လည်း ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ (လာခုဂ်ခါင်.စူး)ပွဲတော်ကို ဆွေမျိုးမိသားစုအလိုက်သော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း ဓလေ့ရိုးရာထုံးတမ်းစဉ်လာများနှင့်အညီ စည်ကား သိုက်မြိုက်စွာ ဆင်ယင်ကျင်းပလာခဲ့ကြသည်မှာ နှစ်ကာလအားဖြင့်ကြာမြင့်ခဲ့ပြီဖြစ်သည်။
ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်.စူး)ပွဲတော်ကို ကရင်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့များမပျောက်ပျက်စေရန်၊ ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအကြောင်းကို သိရှိနားလည်လာစေရန်၊ ကရင့်ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ထိန်းသိမ်းမြတ်နိုးတတ်လာစေရန်နှင့် ပွဲတော်တွင် ပူးပေါင်းပါဝင်ဆင်နွှဲလာစေရန် ရည်ရွယ်သကဲ့သို့ ရှေးကရင်လူကြီးများက ဝါခေါင်လစုပေါင်းလက်ချည်ရာတွင် လယ်ယာစိုက်ပျိုးပြီးချိန်ဖြစ်၍ ကွဲကွာနေသောမိသားစုဝင်များ ပြန်လည်ဆုံတွေ့ရခြင်း၊ လူကြီးမိဘများ၏ဆုံးမသြဝါဒများကိုခံယူ ရခြင်း၊ အတွေးမှား၊ အမြင်မှား၊ အယူအဆမှားနေသော မိသားစုဝင်များအား လူကြီးသူမများက ပြန်လည်ထိန်းသိမ်းတည့်မတ်၍ အမှန်သို့ပြင်ဆင်ပြုပြင်ပေးခြင်း၊ လူမှုရေးကိစ္စရပ်များ ညှိနှိုင်းတိုင်ပင်ဆွေးနွေးကြခြင်းနှင့် (လာခုဂ်ခါင်.စူး)သို့ တက်ရောက်လာသူများအချင်းချင်း ချစ်ကြည်သွေးစည်းညီညွှတ်မှုကိုရရှိစေခြင်း အစရှိသည်တို့ကိုလည်း ရည်ရွယ်ကြောင်း သိရသည်။
ရှေးဘိုးဘွားဘီဘင်ကရင်လူမျိုးများ၏ ယူဆချက်အရ ဝါခေါင်လတွင် အများအားဖြင့်ရေကြီးလေ့ရှိပြီး ဆန်ရေစပါးများ တဖြည်းဖြည်းလျော့နည်းလာကာ စားသောက်ရာတွင်လည်း ပုံမှန်ထက်ပိုမို၍ကုန်ကျသည်ဟုထင်မြင်ကြကာ မကောင်းဆိုးဝါးများ လူတွင်ဝင်ရောက်ပူးကပ်သည်ဟု ယူဆသည့်အတွက် ကိုယ့်လိပ်ပြာလွင့်မသွားအောင် ဝိဉာဉ်လိပ်ပြာကို ခေါ်လေ့ခေါ်ထရှိကြောင်း၊ လိပ်ပြာမလွင့်အောင် ချည်ဖြူဖြင့်လက်တွင်ချည်နှောင်ထားပြီး ဆံဖြူခါးကုန်းသည်အထိ လိပ်ပြာဝိဉာဉ်ကို ကိုယ်နှင့်မကွာနေထိုင်နိုင်စေရန် ဆုတောင်းမေတ္တာပြုခြင်းသည် ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာ၏ အနှစ်သာရပင်ဖြစ်သည်။
ချည်ဖြူဖွဲ့ခြင်း၏ အနှစ်သာရကိုကြည့်မည်ဆိုလျှင် မိသားစုများစည်းစည်းရုံးရုံးနှင့် ပြန်လည်တွေ့ဆုံခြင်း၊ လက်ရည်တပြင်တည်းဖြစ်ခြင်း၊ လူကြီးနှင့်လူငယ်များအကြား နွေးနွေးထွေးထွေး တိုင်ပင်ဆွေးနွေးကြခြင်း၊ ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံဗဟုသုတများကို အပြန်အလှန် နှီးနှောဖလှယ်ကြခြင်းဖြင့် ချစ်စရာကောင်းသောရိုးရာဓလေ့တစ်ခုဖြစ်ပြီး တစ်ဦးမေတ္တာတစ်ဦးမှာဆိုသကဲ့သို့ သံယောဇဉ်၊ ချစ်ခြင်းမေတ္တာများထုံလွမ်း၍ မိသားစုအတွင်း၊ ဆွေမျိုးသားချင်းအတွင်း၊ အသိုင်းအဝိုင်းအစုအဖွဲ့များအတွင်း ချစ်ခင်ရင်းနှီးမှုများ ဆထက်တိုးပွားရရှိလာနိုင်မည့် သဘောဖြစ်ပါသည်။
အိမ်ထောင်စုတစ်ခုတွင် အိမ်သားတစ်ဦးတစ်ယောက် မကျန်းမမာဖြစ်၍သော်လည်းကောင်း၊ တစ်စုံတစ်ရာ ထိတ်လန့်မှုကြောင့် ကယောင်ချောက်ခြားဖြစ်နေခြင်းကိုလည်းကောင်း၊ ချည်ဖြူဖွဲ့ပြီး ရိုးရာကုထုံးဖြင့် ကုသသည့်သဘောဖြစ်ပြီး ထိပ်လန့်မှုဖြစ်၍ နာမကျန်းဖြစ်နေသောသူကို လိပ်ပြာခေါ်ရန်ရှိလာသည့်အခါ လိပ်ပြာခေါ်ယူသူကိုပင့်ဖိတ်၍ တာဝန်ပေးကြကာအများအားဖြင့် ဆေးဝါးကုသနေသော သမားတော်များ၊ ကျေးရွာအကြီးအကဲများနှင့် လင်စုံမယားစုံ သက်ကြီးအဖိုးအဖွားများက ဆောင်ရွက်ပေးကြရသည်။
ရှေးယခင်က ချည်ဖြူဖွဲ့ခြင်းကို ကရင်အမျိုးသားတို့၏ အိမ်တိုင်းအိမ်တိုင်းတွင် ဆင်ယင်ကျင်းပလေ့ရှိခဲ့သော်လည်း ယခုအခါ ရိုးရာယဉ်ကျေးမှုတစ်ရပ်အနေဖြင့် စုပေါင်းကျင်းပလာကြသည့်အတွက် မိသားစုတစ်စုတည်းသာမက မိသားစုအများအပြား၏ စည်းလုံးညီညွှတ်မှု၊ ချစ်ခင်ရင်းနှီးမှုများကို ရရှိလာနိုင်မည်ဖြစ်ကာ ပြည်ထောင်စုဖွားအခြား သောတိုင်းရင်းသားလူမျိုးများလည်း ပါဝင်ဆင်နွဲနိုင်သည့်အတွက် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရာလည်း ရောက်ပေသည်။
ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို ဆင်ယင်ကျင်းပရာတွင် အသက်အရွယ်ကြီးရင့်သော ပွဲတော်အကြီးအမှူးနှင့် အရန်နှစ်ဦး၊ ချည်ဖြူဖွဲ့ပေးမည့် အဖိုး၊ အဖွားများ၊ မြေးငယ်များခြံရံလျက် သတ်မှတ်နေရာများတွင်နေရာယူကြပြီး ပွဲတော်အကြီးအမှူးက မကောင်းသော ဂြိုလ်ဆိုးနတ်ဆိုးများ၊ စိတ်ဝိဉာဉ်ဆိုးများနှင့် မကောင်းမှုဟူသမျှ လူတိုင်း၏ ခန္ဓာကိုယ်မှ ဖယ်ခွာစွန့်ထုတ်သွားစေရန် ကရင်ဘာသာဖြင့် ရွတ်ဆိုမောင်းထုတ်၍ လူတိုင်း၏ ခန္ဓာကိုယ်အား အစဉ်အမြဲ စောင့်ရှောက်ပေးသော ဝိဉာဉ်လိပ်ပြာကောင်းများ၊ ကျန်းမာခြင်းလာဘ်လာဘများနှင့် ကောင်းခြင်းဟူသမျှ အသီးသီးပြန်လည်ဝင်ရောက်လာစေရန် ကရင်ဘာသာဖြင့် ရွတ်ဆိုခေါ်ယူကာ ပွဲတော်အကြီးအမှူး ခေါ်ယူရောက်ရှိလာသော (၇) ရက်သား၊ သမီးများ၏ ဝိဉာဉ်လိပ်ပြာကောင်းများ ရွှင်လန်းဝမ်းမြောက်စေရန် ရိုးရာသီးချင်းများဖြင့် သီဆိုကြိုဆို၍ ချည်ဖြူဖွဲ့မင်္ဂလာကို ဆင်ယင်ကျင်းပကြလေသည်။
ကရင်လူမျိုးများတွင် ချည်ဖြူနှင့်လက်ချည်ခြင်း(၃)မျိုးရှိပြီး ၎င်းတို့မှာ-
(၁) မင်္ဂလာဆောင်သည့်အခါလည်ချည်ခြင်း
(၂) ဘိုးဘွားမိဘနှင့်ဆွေမျိုးမောင်နှမသားချင်းများထဲတွင် တစ်ဦးဦးသေဆုံးသည့်အခါ လိပ်ပြခေါ် လက်ချည်ခြင်း
(၃) မကောင်းဆိုးဝါးဝင်ပူးသည်ကိုကြောက်လန့်မှုဖြင့် တွေ့ဆုံလွန်ကဲပြီး ဖျားနာ၊ မကျန်းမမာဖြစ်သည့် အခါလိပ်ပြာခေါ်လည်ချည်ခြင်းတို့ဖြစ်ကြသည်။
ထိုလက်ချည်ခြင်း(၃)မျိုးကို ပြုလုပ်ကြရာတွင် အချိန်အခါမတူညီကြသော်လည်း ဝါခေါင်လလက်ချည်ပွဲသည် ဝါခေါင်လအတွင်း၌သာ စုပေါင်း၍ပြုလုပ်ခြင်း၊ ကျေးရွာဘုန်းကြီးကျောင်းများတွင် စုပေါင်းပြုလုပ်ခြင်း၊ မိသားစုတစ်စုခြင်းအလိုက်ပြုလုပ်ခြင်းနှင့် စုပေါင်းပြုလုပ်ခြင်းတို့ကို ကရင်တိုင်းရင်းသားများ နှစ်စဉ်ကျင်းပခဲ့ကြသည်။
လက်ချည်ခြင်းသည် သာမာန်အားဖြင့် သမရိုးကျဟုထင်မြင်ယူဆရပါသော်လည်း အမှန်တကယ်လေ့လာကြည့်ရာတွင် လက်ချည်သည့်အခါ အသုံးပြုသည့် ပစ္စည်းပစ္စယများတွင် တစ်ခုချင်းစီတိုင်း၌ လေးနက်သည့်အဓိပ္ပာယ်များရှိနေသည်ကို သိရှိရသည်။
ချည်ဖြူဖွဲ့ရာတွင်ပါဝင်သည့် ပစ္စည်း(၇)မျိုးရှိပြီး
(၁)ငှက်ပျောသီး-ကရင်လူမျိုးများသည် ငှက်ပျောသီးကဲ့သို့ တစ်ဖီးတည်းတစ်ခိုင်တည်း စုစုစည်းစည်းညီညီညာညာဖြင့် ဥမကွဲသိုက်မပျက်နေထိုင်ကြသည့်သဘော
(၂)ကောက်ညှင်းထုပ်-ကောက်ညှင်းသည်စေးကပ်သည့်သဘောရှိပြီး တော်ရုံနှင့်ခွာ၍မရ ထို့အတူ ကရင်လူမျိုးများသည်လည်း ကောက်ညှင်းပမာတည်တံ့ခိုင်မာသည့် နှလုံးသားရှိသည့်သဘော
(၃)ထမင်းဆုပ်-ကျွန်တော်တို့သည်အင်အားရှိရန် ထမင်းကို နေ့စဉ်စားသုံးကြပါသည်၊ ထမင်းစားရမှ အားရှိပါမည်၊ အားရှိမှအလုပ်လုပ်နိုင်မည်၊ ထို့ကြောင့် ကရင်လူမျိုးများအချင်းချင်း ထမင်းခွံ့ကျွေးကြပါစို့ဟူသောသဘော
(၄)နတ်ပန်းညို- နတ်ပန်းညိုပင်သည် မိမိအပင်ရှင်သန်ကြီးထွားရေးအတွက်အမြစ်သည် ကျယ်ပြန့်ရှည်လျားစွာ ထိုးဆင်းပြီး အပင်သည်ဆင့်ကဲဆင့်ကဲပေါက်သဖြင့် တော်ရုံနှင့်မသေနိုင် မျိုးမသုန်း၊ ထို့အတူ ကရင်လူမျိုးများသည်လည်း ရောက်လေရာအရပ်တွင် နတ်ပန်းညိုကိုစံပြု၍ မိမိတို့မျိုးဆက်ကို ထိန်းသိမ်းဆောင်ရွက်ကြရန်ဟူသော သဘော
(၅)ချည်ဖြူ- ချည်ဖြူတစ်မျှင်ကိုပြတ်အောင် ဆွဲဖြတ်နိုင်သော်လည်း ချည်မျှင်များစုစည်း၍ ဖွဲ့ချည်ထုံးနှောင်သောအခါ ဆွဲဖြတ်၍ မပြတ်နိုင်သကဲ့သို့ ကရင်လူမျိုးများအချင်းချင်းသည်လည်း ချည်ဖြူပမာစုစည်းခိုင်မာရမည် ဟူသောသဘော
(၆)ရေ- ရေသည်အေးမြနေသကဲ့သို့ ကရင်လူမျိုးတို့၏ ဘဝခရီးလမ်းသည်လည်း အေးချမ်းသာယာစေရန် ရည်ရွယ်သည့်သဘော
(၇)ကြံပိုင်း-ကြံပင်တို့မည်သည် တစ်ဆစ်ပြီးတစ်ဆစ်၊ တစ်ဆင့်ပြီးတစ်ဆင့် အထက်သို့ထိုးတက်လျက်ရှိရာ ကြံပင်ကိုပမာပြု၍ ရှေ့ဆက်ဘဝစည်ကားရေးအတွက် ကြိုးစားကြရမည့်သဘော စသည်ဖြင့် တစ်ခုချင်းစီတိုင်းတွင် လေးနက်သည့်အဓိပ္ပယ်များပါဝင်ပြီး ကရင်လူမျိုးများအနေဖြင့် မွန်မြတ်သန့်စင်၍ ချစ်စရာကောင်းသည့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာကောင်းများကို ထိန်းသိမ်း၍ တစ်ခုချင်းစီ၏ ဂုဏ်သတ္တိများအလိုက် စုပေါင်းညီညွှတ်စွာနေထိုင်စေလိုသည့် အဓိပ္ပါယ်များပါဝင်သည်ဟု မှတ်သားရပါသည်။
ထိုသို့ အဓိပ္ပါယ်များနှင့်ပြီးပြည့်စုံသော ချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်.စူး)ရိုးရာဓလေ့ပွဲတော်ကို မပျောက်မပျက် ဆက်လက်၍ လက်ဆင့်ကမ်း ထိန်းသိမ်းမြှင့်တင်သောအားဖြင့် ကရင်ပြည်နယ်အတွင်း ဝါခေါင်လတစ်လလုံးတွင် ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို နေရာဒေသအသီးသီးတွင် ဆင်ယင်ကျင်းပကြပြီး ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကို မောင်နှမများအနေဖြင့် မွန်မြတ်သန့်စင်ပြီးချစ်စရာကောင်းသော ကရင်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို လာရောက်လေ့လာလည်ပတ်မြင်တွေ့နိုင်မည်ဖြစ်သည်။
အဓိကအားဖြင့် ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့တွင် အများဆုံးတွေ့မြင်ရမည်ဖြစ်ပြီး ဘားအံမြို့ ဇွဲကပင်ခန်းမတွင်ကျင်းပသော ချည်ဖြူဖွဲ့ပွဲတော်၊ တောင်ကလေးကရင်နှစ်သစ်ကူးကွင်း၊ ကြောင့်ကမ်လာဘ်၊ ထွန့်ပတိုင်၊ သာမညတို့တွင်ကျင်းပသော ချည်ဖြူဖွဲ့ပွဲတို့မှာအထူးစည်ကား၍ လူမျိုးမရွေး၊ ဘာသာမရွေးပါဝင်ဆင်နွဲနိုင်ကာ ဘားအံမြို့ပေါ်တွင် ဟိုတယ်နှင့်တည်းခိုနေထိုင်ရန် နေရာအလုံအလောက်ရှိခြင်း၊ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲတော်နှင့်အတူ တန်ခိုးကြီးဘုရားများ၊ ရှေ့ဟောင်းသမိုင်းဝင် သဘာဝထုံးကျောက်လိုဏ်ဂူများ၊ သဘာဝတောတောင် ရေတံခွန်စိမ့်စမ်းများ၊ အနားယူအပန်းဖြေ လည်ပတ်စရာနေရာများ၊ ထူးခြားသောရိုးရာအစားအစာများကို စားသုံးမြည်းစမ်းလည်ပတ်၍ မိမိတို့၏ လက်ကောက်ဝတ်များတွင် ချည်ဖြူဖွဲ့ပြီး ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး အတူတကွ ပူးပေါင်းပါဝင်ဆင်နွဲနိုင်ရန်နှင့် ကရင်ပြည်နယ်သို့ အလည်တစ်ခေါက်ခရီးသွား၍ လေ့လာလည်ပတ်နိုင်ရန် ဆန္ဒပြုရေးသားတင်ပြလိုက်ရပါသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)