ကျိုက်လတ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီ တောင်သူ‌တွေ့ဆုံပွဲအခမ်းအနား ကျင်းပ

ကျိုက်လတ် သြဂုတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ တပေတမော့ကျေးရွာအုပ်စု၊ ကျုံလှကျေးရွာတွင် ယနေ့နံနက်(၁၀)နာရီက Wilmar Myanmar Riceland Company Limited, Resources Group Trading Company Limited နှင့် Wilmar Chemical Indonesia Company Limited တို့မှ ပူးပေါင်းဆောင်ရွက်သော ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီ တောင်သူ‌တွေ့ဆုံပွဲ အခမ်းအနား ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ဖုန်းက တောင်သူများ စိုက်ချိန်၊ ရိတ်ချိန် မြန်ဆန်မှန်ကန်စေရေးအတွက် လိုအပ်လျက်ရှိသော ကောက်စိုက်စက်၊ ရိတ်သိမ်းခြွေ့လှေ့‌စက် အစရှိသည့် စက်ယန္တရားများ ကူညီပံ့ပိုးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတော်ကချမှတ်ထားသော တောင်သူနှင့်အကျိုးတူပူးပေါင်း၍ (Contract Farming) လုပ်ငန်းအဖြစ် ဆောင်ရွက်နေသောလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်များထားရှိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တောင်သူများအထွက်နှုန်းတိုးတက်ရေး၊ ထွက်ရှိလာသော ထွက်ကုန်များလည်း မှန်ကန်သော ဈေးကွက်ရရှိနိုင်ရေး၊ လွယ်ကူစွာရောင်းချခြင်းဆိုင်ရာ လုပ်ငန်းများကိုလည်းလုပ်ဆောင်နိုင်ရေး ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဝေ(လ်)မာ အင်ဒိုနီးရှားကုမ္ပဏီလီမိတက်၏ တာဝန်ရှိသူတစ်ဦးမှ ဓာတ်မြေဩဇာဆိုင်ရာ အခြေခံသိမှတ်ဖွယ်ရာများနှင့် မာကိုတာဓာတ်မြေဩဇာအကြောင်း ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသော ဒေသခံတောင်သူများက နည်းစနစ်ကျကျ စပါးစိုက်ပျိုးမှုနည်းလမ်းများ၊ အထွက်ကောင်းမျိုးစပါးများ ရရှိမည့်အခြေအနေနှင့် မြေဩဇာသုံးစွဲရန်လိုအပ်မှု စသည်တို့အား မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးစပါးစိုက်ပျိုးရာသီတောင်သူတွေ့ဆုံပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ဖုန်းနှင့်တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒေါ်ရီရီမြင့်