သနပ်ပင်မြို့နယ်တွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ Box Culvert လုပ်ငန်းများ ဆောင်ရွက်

သနပ်ပင် ဩဂုတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၃.၂၀၂၄  ဘဏ္ဍာ‌ရေးနှစ်တွင် သနပ်ပင်မြို့နယ်အား ဖွံ့ဖြိုးတိုးတက်‌စေရေးနှင့် သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် မြို့ပေါ်ရပ်ကွက်များအား ကွန်ကရစ်လမ်းခင်းခြင်း၊ တံတား( Box Culvert) လုပ်ငန်းတို့အား အသစ်ပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း သနပ်ပင်မြို့နယ် စည်ပင်သာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်သူရထံမှ သိရသည်။

သနပ်ပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပစေရန်အတွက် ဘဏ္ဍာရေးနှစ်အလိုက် ဌာန၏ ခွင့်ပြုရန်ပုံငွေပေါ်မူတည်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်လည်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေကျပ် ၃၆၈.၄၁၇ သန်းဖြင့် ကွန်ကရစ်လမ်း (၁၄)လမ်း၊  တံတား(Box Culvert)  (၈)စင်း လုပ်ငန်း  စုစုပေါင်းလုပ်ငန်း (၂၂)ခုကို မြို့နယ်ဖွံ့ဖြိုးတိုးတက်‌စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်သာယာရေးအဖွဲ့ရုံးမှ သိရသည်။

လှမိုး(ပြန်/ဆက်)