တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို သင်ကြားရေးအထောက်အကူပြု တိုင်းရင်းသား ဘာသာစာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ (၂/၂၀၂၃)ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်

ထားဝယ်   ဩဂုတ် ၂၅

သင်ကြားရေးအထောက်အကူပြု တိုင်းရင်းသားဘာသာ စာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ (၂/၂၀၂၃) ပိတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ဆွေးနွေးပွဲဆိုသည်မှာ တစ်ဦးနှင့်တစ်ဦး တိုင်းရင်းသားအစု အဖွဲ့ဖြစ်ပြီး မိမိတို့ သိရှိနားလည် ထားသော လက်ရှိကျင့်သုံးနေသည့် တိုင်းရင်းသား အမွေအနှစ်များ၊ ရိုးရာဓလေ့၊ ဘာသာစကား၊ ယဉ်ကျေးမှု စသည့်တို့ကို တစ်ဦးနှင့်တစ်ဦး အမြင်ချင်း ဖလှယ် ကာ ပိုမိုကောင်းမွန်သော ပညာရပ်များကို အတူယူကာ မိမိဒေသမှာ ရှိသော တိုင်းရင်းသား ကလေးသူငယ်များအား သင်ယူစေပြီး နောင်အနာဂတ်တွင် နိုင်ငံတော် အတွက်တန်ဖိုးရှိသော လူငယ်လူရွယ်များ ဖြစ်အောင် ဖော်ထုတ်ပေးရန် ရည်ရွယ်၍ ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးအတွက် တန်ဖိုးရှိသော အခမ်းအနားဖြစ်ကြောင်း၊ တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ဆရာမများ အနေဖြင့် အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ တက်ရောက်ခြင်းဖြင့် နိုင်ငံ၏ ရေမြေသဘာဝ အရင်းအမြစ်များကို ထိန်းသိမ်းစောင့်ရှောက်လိုစိတ်၊ သမိုင်းကြောင်း နောက်ခံများကို သိရှိနားလည်ပြီး တိုင်းရင်းသားအချင်းချင်း ရင်းနှီးချစ်ကြည်စွာ နေထိုင်လိုစိတ်များ ရှင်သန်လာမှာဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးစုများ၏ ယဉ်ကျေးမှုများ၊ ဓလေ့ ထုံးတမ်း များကို တန်ဖိုးထားခြင်း အသိအမှတ်ပြုခြင်းသည် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန် ပထမခြေလှမ်းဖြစ်ကြောင်း၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဆိုသည်မှာ မိမိတို့ ဘိုးဘွားစဉ်ဆက်များက လက်ဆင့်ကမ်း အမွေဆက်ခံလာသော ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့် နေထိုင်ပြုမှု ပုံစံများ ဖြစ်သကဲ့သို့ မိမိတို့၏ သားစဉ်မြေးဆက်ကိုလည်း လက်ဆင့်ကမ်းသွားရမည့် အရာများလည်းဖြစ်ကြောင်း၊ တက်ရောက်လာကြသော ဆရာ/ဆရာများ အနေဖြင့် မိမိဒေသမှာရှိသော ကလေးသူငယ်များကို ယခုဆွေးနွေးပွဲမှ ရရှိလာသော ရလဒ်များ အပေါ်မူတည်ပြီး ကလေးသူငယ်များအတွက်သော်လည်းကောင်း၊ ဒေသအတွက်သော်လည်းကောင်း၊ နိုင်ငံအတွက်သော်လည်းကောင်း ပိုမိုတန်ဖိုးရှိသော ကလေးသူငယ်များဖြစ်အာင် သင်ကြားပြသဆွေးနွေးပေးကြရန် လိုအပ် ကြောင်း၊ နိုင်ငံ့အနာဂတ်တွင် အားကိုးအားထား ရာရင်သွေးငယ်များ၏ စာပေတတ်မြောက်ရေး၊ ပညာရည်မြင့်မားရေးအတွက် အခက်အခဲ အကျပ်အတည်း များကြားက ဆရာဟူသော မွန်မြတ်လှသည့် ဂုဏ်ပုဒ်နှင့်အညီ ကောင်းမွန်မြင့်မြတ်သော စိတ်ထားများဖြင့် သင်ကြားရေးတာဝန်များကို ကြိုးပမ်းထမ်းဆောင် လျက်ရှိသည့် ဆရာ၊ ဆရာမများအား ချီးကျူးဂုဏ်ပြုပါကြောင်းနှင့် နိုင်ငံတော်နှင့် တိုင်းဒေသကြီးအတွက် တန်ဖိုးရှိသော ကလေးသူငယ်များဖြစ်အောင် ဝိုင်းဝန်းပြီး ကူညီဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားပြီး သင်တန်း ပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်သည်။

ထို့နောက် သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး ဆရာ/များနှင့် ကျောင်းသား/သူများက မင်္ဂလာပါသီချင်း၊ လောက အားမာန်သီချင်းများဖြင့် ကပြဖျော်ဖြေနေမှုများကို ကြည့်ရှုအားပေးကာ တိုင်းဒေသကြီးအစိုးရအဖွဲ့က အတုယူ ကပြဖျော်ဖြေမှုများကို ဆုငွေ ကျပ် (၂)သိန်း ချီးမြှင့်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများက  ဆရာ/မများနှင့် တိုင်းရင်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရသည်။

ကျော်ကျော်လတ်