ဓနုဖြူမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ဓနုဖြူ ဩဂုတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ငါးဘက်အိုင်ကျေးရွာအုပ်စုရှိ အ.မ.က(ကနီစု)ကျောင်းနှင့် နှဲကြိုးကျေးရွာအုပ်စုရှိ အ.ထ.က(နှဲကြိုး) ကျောင်းတို့တွင် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံ‌ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများမှ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်မှုမရှိစေရေး၊ မှုခင်းလျော့နည်းကျဆင်းရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ နိုင်ငံသားစိစစ်ရေးလက်မှတ်နှင့် အိမ်ထောင်စုစာရင်းဆောင်ရွက်ခြင်းများ၊ ကျန်းမာရေးဆိုင်ရာများ၊ ပညာရေးဆိုင်ရာများ၊ ကျေးရွာသန့်ရှင်းရေး၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုဆိုင်ရာများ၊ စိုက်ပျိုးရေးဆိုင်ရာများ၊ ကျေးရွာလမ်းဆောင်ရွက်မှုများစသည့် လုပ်ငန်းကိစ္စရပ်အသီးသီးအား သက်ဆိုင်ရာဌာနများအလိုက် ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည်များအားမေးမြန်းရာ သက်ဆိုင်ရာဌာနအလိုက် ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဟိန်းထက်ဇော်၊ အဖွဲ့ဝင်(၂)ဦးစိန်မောင်ဝင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ကျေးရွာနေပြည်သူများ စုစုပေါင်း(၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)