ညောင်လေးပင် ဩဂုတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးမှ အဖွင့်အမှာစကားပြောကြားပြီး (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီများအနေဖြင့် မြန်မာတို့၏ ယဉ်ကျေးမှု၊ ဓလေ့၊ သမိုင်းအမွေအနှစ်များကို ဖော်ထုတ်ပြသနိုင်စေရန် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း၊ လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးကြစေလိုကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းမှ အဆို၊ အက၊ ရေး၊ အတီးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်စာရင်းပေးသွင်းထားမှုအခြေအနေများ၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်မည့်အခြေအနေများ အပြန်အလှန် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို မြို့နယ်အဆင့် ဦးစွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြို့နယ်အဆင့် ရွေးချယ်ခံရသူများအား စက်တင်ဘာလ ၁၅ ရက်နေ့တွင် ခရိုင်အဆင့် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)