လွိုင်ကော် ဩဂုတ် ၂၅
ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ကယားပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် လွိုင်ကော်မြို့နေ ပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံလောက်ငှစွာ ရရှိသုံးစွဲနိုင်ရေးအတွက် အဆင့်မြင့်တိုးချဲ့ဆောင်ရွက်နေသော လွိုင်ကော်မြို့ မိုင်းလုံးရေစက်ရုံတွင် တစ်နေ့လျှင်ရေဂါလံ (၂၅) သိန်းစစ်နိုင်သည့် (Slow Stand Fitter) အနှေးသဲရေစစ်ကန် လုပ်ငန်းတည်ဆောက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထို့သို့စစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လွိုင်ကော်မြို့ မိုင်းလုံးရေစက်ရုံမှ ရပ်ကွက်အသီးသီးသို့ လက်ရှိရေပေးဝေဆောင်ရွက်နေမှု၊ ပင်မရေ အရင်းအမြစ်မှ လက်ရှိရေဖြန့်ဝေပေးနိုင်မှု၊ တိုးချဲ့ပေးဝေနိုင်ရေးအတွက် ရေစစ်ကန်၊ ရေကြည်ကန်၊ ရေသန့်ကန်များ ဆောက်လုပ်နေမှု၊ လက်ရှိရေပေဝေးလျက်ရှိသော ရေပိုက်လိုင်းများနှင့် အသစ်တိုးချဲ့ တည်ဆောက်ထားသော ရေပိုက်လိုင်းများဖြင့် ပေါင်းစပ်ရေ ပေးဝေနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဆောင်ရွက်မှု လုပ်ငန်းများ စနစ်တကျဖြစ်စေရေး၊ ကာလရှည်အသုံးပြုနိုင်ရေးအတွက် ခေတ်မီနည်းစနစ်များ အသုံးပြုနိုင်ရေးနှင့် ပြည်သူများ ရာသီမရွေးသောက်သုံးရေ ဖူလုံလောက်ငှစွာရရှိ အသုံးပြုနိုင် စေရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့သည် ရေးဆွဲပြဌာန်းထားသော ဥပဒေများအရ “မြို့များအမြန် ခေတ်မီဖွံ့ဖြိုးတိုးတက်ရမည်” ဟူသောဆောင်ပုဒ်နှင့်အညီ မြို့ပြစည်ပင်သာယာရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် လွိုင်ကော်မြို့နေ ပြည်သူများ ရာသီမရွေး သန့်ရှင်းသော သောက်ရေ၊ သုံးရေ လွယ်လင့်တကူ ဖူလုံလောက်ငှစွာရရှိသုံးစွဲနိုင်ရေးအတွက် ပြည်နယ်၏ ရေအရင်းအမြစ် ဖြစ်သော ဘီလူးချောင်းမှ အစပြု၍မိုင်းလုံး၊ ဥတ္တရာရုံ၊ ဒေါဥခူ၊ နာနတ်တော၊ ဒေါတမ၊ နမ့်ကွတ်၊ ရေနီကန်နှင့် အစိုးရရေစက်ရုံအပါအဝင် စုစုပေါင်းရေစက်ရုံ(၈)ရုံမှ တစ်ဆင့်လွိုင်ကော်မြို့ ရပ်ကွက်ပေါင်း (၂၆) ရပ်ကွက် အတွင်းနေထိုင်သော ပြည်သူ(၁)သိန်း ခန့်အား တစ်ရက်လျှင် ရေကြည်(၃၇.၆)သိန်းဂါလံ ဖြန့်ဝေပေးလျက်ရှိပြီး မိုင်းလုံးရေ စက်ရုံတွင် တိုးချဲ့ဆောင်ရွက်နေသော (Slow Stand Fitter) အနှေးသဲရေစစ်ကန်လုပ်ငန်း တည်ဆောက်မှုပြီးစီးပါက မြို့ပေါ်ရပ်ကွက် (၁၃) ရပ်ကွက်ရှိ လူဦးရေ(၈)သောင်းခန့်အား နေ့စဉ်သန့်ရှင်းသော သောက်သုံးရေ ထပ်မံဖြည့်ဆည်းပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)