ကျောင်းကုန်း ဩဂုတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကိုင်းတာအုပ်စု၊ ကိုင်းတာကြီးကျေးရွာ “ဘဝရှေ့ဆောင်” စာကြည့်တိုက်၌ ယမန်နေ့နံနက် ၁၁ နာရီအချိန်ခန့်က စာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံကာ စာကြည့်တိုက်ရေရှည်တည်တံ့စေရေး ဆွေးနွေးခဲ့သည်။
ထို့နောက် ကိုင်းတာကြီးကျေးရွာ သာသနာ့ဟိတသုခကျောင်းတိုက်၌ နံနက် ၁၁း၃၀ နာရီအချိန်က နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲနှင့် တိုင်းရင်းဆေး အခမဲ့ကုသပေးခြင်းကို ဆောင်ရွက်ခဲ့ရာ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှု သိကောင်းစရာများ ဟောပြောခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ယဉ်မင်းမြတ်ဟန်က ရောဂါစမ်းသပ်ခြင်းနှင့် ပြည်သူများအား တိုင်းရင်းဆေးဝါးများဖြင့် ဆေးကုသပေးခဲ့သည်။
ဟောပြောပွဲအပြီး မူးယစ်ဆေးဝါးအမျိုးမျိုး၊ “မူးယစ်ဆေးဝါးအန္တရာယ် စုပေါင်းကာကွယ်” ဗွီနိုင်းနှင့် လူကုန်ကူးမှူတိုက်ဖျက်ရေးသိကောင်းစရာ ဗွီနိုင်းတို့ ကြည့်ရှုခဲ့ကြပြီး၊ သုတ/ရသစာအုပ်များ ဖတ်ရှုခဲ့ကြသည်။ အခမ်းအနားသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန ဝန်ထမ်းများ၊ ကျေးရွာဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)