မြဝတီမြို့နယ်တွင် (၂၄) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မြဝတီ ဩဂုတ် ၂၅

ကရင်ပြည်နယ်၊   မြဝတီမြို့နယ်တွင် (၂၄)ကြိမ်မြောက်   မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊  အရေး၊ အတီးပြိုင်ပွဲ  အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးသက်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊  သဘင်၊  ဂီတ အစည်းအရုံးဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်က  မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နိုင်ငံတော်မှ ပြန်လည်ကျင်းပပေးခြင်းသည် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်ဓလေ့စရိုက်များ မပျောက်ပျက်စေရန် ထိန်းသိမ်းခြင်းဖြစ်၍ မြဝတီခရိုင်အနေဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းထားသည့် ကော်မတီဝင်များက ကဏ္ဍအလိုက်ပြိုင်ပွဲများ ယှဉ်ပြိုင်နိုင်ရေးအတွက် ပူးပေါင်းပါဝင်ကြစေလိုကြောင်းနှင့် ယခုနှစ်ပြိုင်ပွဲတွင် အမျိုးအစား ၄ မျိုးလုံး ထည့်သွင်းကျင်းပသွားမည်ဖြစ်ရာ အလေးထားဆောင်ရွက်ကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးက ပြိုင်ပွဲကျင်းပဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ တင်ပြဆွေးနွေးပေးရာ ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် သိရှိလိုသည့်အချက်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)