မုံရွာ ဩဂုတ် ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်ဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များ တစ်နိုင်ငံလုံးသို့ ပြန့်ပွားစေပြီး နိုင်ငံတော်၏ စီးပွားရေးကို အထောက်အကူပြုနိုင်စေရန်၊ အဆင့်မြင့်ပညာဆက်လက်မသင်ကြားနိုင်သော ကျောင်းသား/သူများအတွက် အသက်မွေးဝမ်းကျောင်းပညာဖြင့် လမ်းသွယ်များ ဖွင့်လှစ်သင်ကြားပေးရန်၊ အစိုးရနှင့် ပုဂ္ဂလိကစိုက်ပျိုးမွေးမြူရေးဆိုင်ရာလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော စိုက်ပျိုးမွေးမြူရေး ကျွမ်းကျင်လုပ်သားများ ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်၍ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ အလုံ အ.ထ.က(၂) ကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာအလယ်တန်းအဆင့် (Grade-9) အောင်မြင်ပြီးသော ကျောင်းသူ၊ ကျောင်းသားများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စိုက်ပျိုးမွေးမြူရေးပညာရပ်များ တွဲဘက်သင်ကြားမည့် အခြေခံပညာအထက်တန်းကျောင်းအား(၁.၆.၂၀၂၃)နေ့တွင် စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းတွင် စိုက်ပျိုးရေး ကျောင်းသား၊ ကျောင်းသူ (၃၀)ဦး မွေးမြူရေးကျောင်းသားကျောင်းသူ(၃၀)ဦး၊ ပေါင်း(၆၀)ဦး သင်ကြားခွင့်ပြုရန် သတ်မှတ် လျာထားသည့်အနက် ယနေ့ထိ စိုက်ပျိုးရေး ကျောင်းသား၊ ကျောင်းသူ(၂၇)ဦးနှင့် မွေးမြူရေး ကျောင်းသားကျောင်းသူ(၂၀)ဦး၊ စုစုပေါင်း(၄၇)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက အလုံ အ.ထ.က(၂) စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း စာသင်ခန်းမဆောင်တွင် တက်ရောက်နေသည့် ကျောင်းသူ/ကျောင်းသားများနှင့် သင်ကြားပေးသည့် ဆရာ/ဆရာမများ၏ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့သည်။
ပထမစာသင်နှစ်တွင် သင်ကြားပို့ချမည့်ဘာသာရပ်များဖြစ်သည့် ပညာရေးဝန်ကြီးဌာနမှ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓါတုဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒဘာသာရပ်များအား ပညာရေးဝန်ကြီးဌာနရှိ ဆရာ/ဆရာမ(၆)ဦးမှ သင်ကြားပို့ချပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေးဘာသာရပ်များအနေဖြင့် လယ်ယာသီးနှံစိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ်၊ ဥယျာဉ်ခြံသီးနှံစိုက်ပျိုးရေးနှင့် မြေဆီလွှာသိပ္ပံဘာသာရပ်၊ စိုက်ပျိုးရေးရုက္ခဗေဒနှင့် လယ်ယာသုံးစက်ကိရိယာ ဘာသာရပ်၊ သီးနှံကာကွယ်ရေးအတွက် အပင်ရောဂါဗေဒနှင့် ကိမိလဗေဒဘာသာရပ်၊ လူမှုရေးသိပ္ပံဘာသာရပ်များအား စိုက်ပျိုးရေးဦးစီးဌာနရှိ ဆရာ/ဆရာမ(၅)ဦးမှ သင်ကြားပို့ချပေးလျက်ရှိကြောင်း။
မွေးမြူရေးဘာသာရပ်များကိုလည်း ပညာရေးဝန်ကြီးဌာနမှ ဆရာဆရာမများနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဆရာ/ဆရာမ(၂)ဦးတို့ဖြင့် ပူးပေါင်း၍ ပညာသင် ကြားပေးလျက်ရှိ ကြောင်း၊ မွေးမြူရေးဘာသာရပ်အနေဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်ရေးနှင့် ကာကွယ်ရေးဘာသာရပ်၊ ရေသတ္တဝါမွေးမြူရေးနှင့် ပျားမွေးမြူရေးဘာသာရပ်၊ ဝက်မွေးမြူထုတ်လုပ်ရေးဘာသာရပ်၊ ကြက်မွေးမြူထုတ်လုပ်ရေး၊ စားမြှုပ်ပြန်သတ္တဝါမွေးမြူထုတ်လုပ်ရေး ဘာသာရပ်များအား စာတွေ့လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိကြောင်း တာဝန်ရှိသူထံမှ သိရသည်။
အဆိုပါ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်မှ လစဥ် ထောက်ပံ့ကြေးငွေကျပ်တစ်သောင်းကို ပေးအပ်သည့်အပြင် ပညာသင်နှစ်(၃)နှစ်တက်ရောက်၍ Grade(A)ဖြင့် အောင်မြင်ပါက စိုက်ပျိုးရေးတက္ကသိုလ်သို့လည်းကောင်း၊ Grade (B)ဖြင့် အောင်မြင်ပါက စိုက်ပျိုးရေးသိပ္ပံကျောင်းသို့လည်းကောင်း ဆက်လက်တက်ရောက် ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်းနှင့် Grade(C)ဖြင့် အောင်မြင်ပါက လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ဌာနခွဲများတွင် သတ်မှတ်စည်းကမ်းနှင့် ပြည်စုံပါကလည်း အလုပ်အကိုင်အခွင့်လမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ဆက်)