ဘုတ်ပြင်း ဩဂုတ် ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက်က ဘုတ်ပြင်းမြို့ ပြည်သူ့ကျန်းမားရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ဘုတ်ပြင်းခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် ကလေးငယ်များ၊ ကလေးဖခင်များနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်းသိရသည်။
အခမ်းအနားတွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မွန်မွန်ခင်၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်တင်မို့မို့ခိုင်နှင့်ဘုတ်ပြင်းမြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းထွန်းကျော်တို့က ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များ၊ ကလေးငယ်များနှင့်နို့တိုက်မိခင်များအနေဖြင့် ဂရုပြုလိုက်နာနေထိုင်ရမည့် ကျန်းမာရေးဆိုင်ရာများ၊ ပြိုင်ပွဲနှင့်ပတ်သက်သည့် စည်းကမ်း သတ်မှတ်ချက်များအား အသီးသီး ပြောကြားခဲ့သည်။
ထို့နောက် ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ စံပြမိခင်ဆု၊ စံပြဖခင်ဆု၊ စံပြကလေးဆု၊ စံပြကိုယ်ဝန်ဆောင်ဆုနှင့် မိခင်အထူးဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ပြီး မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းထွန်းကျော်မှ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသို့ အလှူငွေငါးသိန်းကျပ်ကိုလည်းကောင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသို့ အလှူငွေ ငါးသိန်းကျပ်ကိုလည်းကောင်းပေးအပ်ရာ ဘုတ်ပြင်းခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌများက လက်ခံရယူခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)