မြဝတီ သြဂုတ် ၂၅
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည် ကြိုဆိုလက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ သြဂုတ်၂၄ ရက်နေ့တွင် ၁၈၄ ဦး ဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက ကြိုဆိုအားပေးကြပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာ ဝန်ထမ်း များနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာများအား အသိပညာပေးခြင်း၊ ပြန်လည်ဝင်ရောက်လာသူများ၏ အချက်အလက်များ ကောက်ယူခြင်း များကို ဆောင်ရွက်ပေးသည်။
ထိုသို့ ထိုင်းနိုင်ငံမှ ပြန်လာသူများတွင် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ နေရပ်ပြန်များအား မော်လမြိုင်မြို့ရှိ ဆယ်မြို့နယ် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ပို့ဆောင်ပေးပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နေရပ်ပြန်များအား မြဝတီမြို့ရှိ ရွှေမြဝတီ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စခန်းများတွင် ၁၀ ရက်ကြာ အသွားအလာ ရက်ကန့်သတ် ထားရှိကာ ကိုဗစ်ရောဂါပိုး ရှိမရှိ စစ်ဆေးပြီးမှ သက်ဆိုင်ရာ မြို့နယ်များသို့ ပို့ဆောင်ပေးခြင်း ဖြစ်သည်။
ယင်းသို့ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသား ၁၅၃ ဦး၊ အမျိုး သမီး ၃၁ ဦး စုစုပေါင်း ၁၈၄ ဦး ရှိကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)