စစ်ကိုင်း ဩဂုတ်၂၅
စစ်ကိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ မြို့ပေါ်ရပ်ကွက်နေပြည်သူများ တစ်ပိုင်တစ်နိုင်မိသားစု ဝင်ငွေတိုးပွားရရှိစေနိုင်ရန် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီက အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးခင်မောင်ဆင့်က သက်ဆိုင်ရာဌာနအနေဖြင့် ပြည်သူများအလုပ်အကိုင်ရရှိရေးအတွက် သင်တန်းဖွင့်လှစ်ပေးနိုင်ခဲ့တာကို ဂုဏ်ယူဝမ်းမြောက်ပါကြောင်း အဖွင့်အမှာစကားဆွေးနွေးပြောကြားပြီး စစ်ကိုင်းခရိုင်သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက နိုင်ငံတော်မှ အကုန်အကျခံပြီး ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် အခမဲ့သင်တန်းဖွင့်လှစ်ပေးခဲ့တာဖြစ်တဲ့အတွက် သင်တန်းစည်းကမ်းများနှင့်အညီ စိတ်ဝင်စားစွာလေ့လာမှတ်သားပြီး မိမိတို့မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းများ လက်တွေ့ဆောင်ရွက်လုပ်ကိုင်သွားကြစေလိုကြောင်း၊ တစ်ပိုင်တစ်နိုင်မှသည် အောင်မြင်တဲ့လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း၊ အသေးစားလုပ်ငန်းများထွန်းကားလာစေခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမှာဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
အဆိုပါသင်တန်းကို (၇)ရက်ကြာ စာတွေ့/ လက်တွေ့သင်ကြားပြသပေးသွားမှာဖြစ်ပြီး သင်တန်းသို့ သင်တန်းသား/ သင်တန်း(၂၀)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်