တိုင်းရင်းသားဘာသာစကားသင်ဆရာ၊ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ (၂/၂၀၂၃)ပိတ်ပွဲ ကျင်းပ

ဘားအံ ဩဂုတ် ၂၅

ပညာရေးဝန်ကြီးဌာန၊ ဘားအံပညာရေး ဒီဂရီကောလိပ်၊ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ (၂/၂၀၂၃) ပိတ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲခန့်က အဆိုပါ ဒီဂရီကောလိပ် သီရိခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲပိတ်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ဆရာမများအနေဖြင့် ပညာရပ်ပိုင်းဆိုင်ရာ ဗဟုသုတ များ၊ ဘာသာစကားဖွံ့ဖြိုးမှုဆိုင်ရာ ဗဟုသုတများ၊ သင်ကြားနည်းဆိုင်ရာ အတတ်ပညာများ၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဥပဒေများစသည့် သိသင့်သိထိုက်သော ပညာရပ်များကို(၁၀)ရက်ကြာ ဆွေးနွေးခဲ့ကြပြီး မိမိတို့တာဝန်ကျရာဒေသ၊ ကျောင်းများသို့ ပြန်လည်ရောက်ရှိသည့်အခါ တိုင်းရင်းသားကလေးသူငယ်များ အသိပညာ ဗဟုသုတ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြား သည်။

ထို့နောက် ဘားအံပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးက တိုင်းရင်းသားဘာသာစကား အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ တက်ရောက်ခဲ့ကြသည့် ဆရာ၊ဆရာမများအား  အမှာစကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ကရင်၊ မွန်၊ ပအိုဝ်း တိုင်းရင်းသားဘာသာ စကားသင် ဆရာ၊ဆရာမ ၂၃၅ ဦးအား အရည်အသွေးမြှင့်အထောက် အကူပြုဆွေးနွေးပွဲ တက်ရောက်ခြင်း ပြီးမြောက်ကြောင်း လက်မှတ်များကို ပေးအပ်ချီးမြှင့်ကာ ဆရာ၊ဆရာမများက ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြ သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် တိုင်းရင်းသား ဘာသာစကားသင် ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။

အလားတူ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွက် ကရင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက်ကလေးများအား ထောက်ပံ့ငွေပေးအပ်သည့် အခမ်းအနားကို ဩဂုတ်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက လူ့ဘဝ၏အစပိုင်းဖြစ်သော ကိုယ်ဝန်ဆောင်စဉ်နှင့် ရှေးဦးကလေးဘဝသည် လူသားအရင်းအမြစ်၏ အခြေခံ အကျဆုံးအပိုင်းဖြစ်ပြီး ဖွံ့ဖြိုးမှုအားအကောင်းဆုံးဖြစ်သည့်အတွက် ကောင်းမွန်စွာပံ့ပိုးနိုင်ရန် လိုအပ်ကြောင်း၊ ယခုကဲ့သို့ထောက်ပံ့ပေးခြင်းသည် ကိုယ်ဝန် ဆောင်များနှင့် ကလေးသူငယ်များ အာဟာရပြည့်ဝစွာ စားသောက်နိုင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ပေးနိုင်ရန်အပြင် ကောင်းမွန် ပြီး စနစ်ကျသော ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း ရရှိစေမည်ဖြစ်ကြောင်း၊ ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ အတတ်နိုင်ဆုံး ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်(၃၆၂၉)ဦး၊ ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေး (၁၂၂၄၁)ဦး၊ စုစုပေါင်း(၁၅၈၇၀)ဦးအတွက် ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်(ဧပြီ၊မေ၊ဇွန်) လများအတွက် ထောက်ပံ့ငွေ (၆၆၆၆၇၅၀၀၀) ကျပ်ကို ဘားအံခရိုင် အုပ်ချုပ်ရေးမှူးထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုး မင်းနောင်က ဘားအံမြို့နယ် အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်(၁၁၅၇)ဦး၊ ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေး(၄၀၉၅)ဦး၊ စုစုပေါင်း(၅၂၅၂)ဦးအတွက် ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ် (ဧပြီ၊မေ၊ဇွန်)လများအတွက် ထောက်ပံ့ငွေ (၂၂၁၂၈၀၀၀၀)ကျပ်ကို ဘားအံမြို့နယ်အုပ်ချုပ်ရေးမှူးထံ ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ လူမှုရေးအသင်းအဖွဲ့များက အခမ်းအနားသို့ တက်ရောက် လာသော ဘားအံမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးများအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွက် ထောက်ပံ့ငွေ ၄၅၀၀၀ ကျပ်စီနှင့် အာဟာရ ဖြည့်စွက်အစားအစာများကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)