ပွင့်ဖြူ ဩဂုတ် ၂၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ တပိုင်တနိုင် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသည့် ဒေသခံပြည်သူများ စနစ်တကျ မွေးမြူလုပ်ကိုင်နိုင်ရန်နှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ်အတွင်းရှိ ကျွဲ၊ နွား တိရစ္ဆာန်မွေးမြူရေးခြံများသို့ သွားရောက်ပြီး မွေးမြူရေးဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးဟောပြောခြင်းနှင့် တိရစ္ဆာန်ကူးစက်ရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ဆေးထိုးနှံပေးခြင်းများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဟောပြောခြင်းနှင့် တိရစ္ဆာန်ကူးစက်ရောဂါ ကြိုတင်ကာကွယ်ဆေးထိုးနှံပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါက်တာဝေလွင်ဦး၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများအဖွဲ့က ရပ်ကွက်/ကျေးရွာများရှိ အခြေခံတိစ္ဆာန် ကျန်းမာရေးလုပ်သားများနှင့် ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် သံဘိုကျေးရွာ၊ စံပြကျေးရွာ၊ ကံသာကြီးကျေးရွာ၊ ရွာခိုင်ကျေးရွာနှင့် တပ်မတော် ဝါစိုက်ပျိုးရေးတပ်တို့ရှိ ကျွဲ၊နွား တိရစ္ဆာန်မွေးမြူရေးခြံများသို့ သွားရောက်ကာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများကို တွေ့ဆုံ၍ တပိုင်တနိုင် တိရစ္ဆာန်မွေးမြူးရေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်ရာ၌ သိရှိလိုက်နာရမည့် အခြေခံ မွေးမြူရေးဆိုင်ရာနည်းစနစ်များ၊ တိရစ္ဆာန်များတွင် ရာသီအလိုက်ဖြစ်ပွားလေ့ရှိသည့် ကူးစက်ရောဂါများအကြောင်းနှင့် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ မွေးမြူရေးခြံများ၌ ဇီဝလုံခြုံမှုစနစ် ခိုင်မာကောင်းမွန်စေရန် ဆောင်ရွက်ရမည့်လုပ်ငန်းများ စသည့် အခြေခံမွေးမြူရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ရှင်းလင်းဆွေးနွေးပြောကြား၍ မွေးမြူရေးဆိုင်ရာ သိမှတ်ဖွယ်ရာ ပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါက်တာဝေလွင်ဦးနှင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် နယ်မြေအလိုက် ကျွဲ၊ နွား တိရစ္ဆာန်မွေးမြူရေးခြံများရှိ ကျွဲနွားတိရစ္ဆာန်များကို ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် မွေးမြူရေးခြံများအား တိရစ္ဆာန် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ပိုးသတ်ဆေးဖျန်းခြင်းများကို စနစ်တကျ စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါက်တာဝေလွင်ဦးထံက သိရသည်။
ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ဒေသတွင်းရှိ တပိုင်တ နိုင် မွေးမြူရေး လုပ်ငန်း လုပ်ကိုင်ကြသည့် ဒေသခံပြည်သူများ မွေးမြူရေးဝင်ငွေ တိုးပွားစေရေး စနစ်တကျ မွေးမြူ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ အခြေခံတိရစ္ဆာန်မွေးမြူရေးဆိုင်ရာ နည်းပညာပေးသင်တန်းများ အခမဲ့ ဖွင့်လှစ်သင်ကြာပေးခြင်း ၊ တိရစ္ဆာန်ကူးစက်ရောဂါ မဖြစ်ပွားစေရေး ယခုကဲ့သို့ ကြိုတင်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် မွေးမြူရေးခြံများအား ပိုးသတ်ဆေးများ ပက်ဖျန်းပေး ခြင်း၊ တိရစ္ဆာန်များအတွက် အစာအာဟာရ ဖူလုံစေရန် ဖြည့်စွက်စာ တိရစ္ဆာန်အစာအိတ်များ ထောက်ပံ့ပေးခြင်း၊ နေဗီယာမြက်များ စိုက်ပျိုးအကောင်အထည်ဖော်နိုင်ရန် တောင်သူပညာပေး လက်တွေ့သရုပ်ပြ စိုက်ပျိုးခြင်းများကို ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်းလည်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)