ဟင်္သာတ ဩဂုတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ၂၀၂၃-၂၀၂၄ ခုနှစ် အတွက် ခရိုင်အတွင်း ရှိ တောင်သူများအား နေကြာစိုက်ပျိုးရေး တောင်သူနည်းပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ နေရာတွင် ကျင်းပပြုလုပ်ခဲ့ သည်။
အခမ်းအနားသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ဟင်္သာတခရိုင် စိုက်/တိုး/မြင့် အဖွဲ့အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ်များမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးများ၊ ခရိုင်အတွင်းရှိ မြို့နယ်များမှ နေကြာစိုက်ပျိုးမည့် တောင်သူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက ဒေသတွင်း ဆီဖူလုံမှု ရှိစေရေးအတွက် နေကြာစိုက်ပျိုးဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားမှ စားအုန်းဆီများအား တင်သွင်းစားသုံး နေရပြီး စားအုန်းဆီကြောင့် ဖြစ်ပွားသည့် ရောဂါများ ဖြစ်ပေါ်သဖြင့် ကျန်းမာရေးနှင့် ညီညွတ်မှု မရှိကြောင်း၊ ဆီထွက်သီးနှံအမျိုးမျိုးအနက် နေကြာဆီသည် ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ယခုနှစ်စိုက်ရာသီတွင် ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အထွက်နှုန်း ကောင်းသည့် နေကြာမျိုးများကို ရွေးချယ်ပြီး သီးသန့်စိုက်ဧကများ တိုးတက်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စိုက်ချိန်၊ စိုက်နည်းစနစ်၊ သွင်းအားစု ပေးစနစ် မှန်ကန်အောင် အလေးထား စိုက်ပျိုးရမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူး ဦးခင်မောင်စန်းမှ နည်းပညာပေး သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး စိုက်ပျိုးရေးဦးစီးဌာန ရုံးချုပ်မှ သုတေသနအရာရှိ ဒေါက်တာ ဒေါ်နန်းပပဝင်း၊ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်စန်းစန်းမြိုင်တို့မှ နေကြာ စိုက်ပျိုးနည်းပညာရပ်များကို သင်ကြားပို့ချ ဆွေးနွေးခဲ့ပါသည်။အဆိုပါသင်တန်းသို့ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်တို့မှ တောင်သူ ၂၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)