မြောင်းမြ သြဂုတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့ ပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမတွင် ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် ဆွေးနွေးပွဲပြီးမြောက်ကြောင်းနှင့် လက်မှတ်အပ်နှင်းပွဲ အခမ်းအနား ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက တိုင်းရင်းသားဘာသာစကားသင် ဆရာဆရာမများအား နှုတ်ဆက်အမှာစကားပြောကြားရာတွင် တိုင်းရင်းသားဘာသာစကားသင် ဆရာဆရာမများအနေဖြင့် ဆွေးနွေးပွဲကြီးမှ အသိပညာ အတတ်ပညာများကို ကြိုးစားလေ့လာသင်ယူမှတ်သားခဲ့ကြပြီး မိမိဒေသအသီးသီးမှာရှိတဲ့ အခြေခံပညာရေးကဏ္ဍမှာ အားထားရတဲ့ စေတနာ ဝါသနာ အနစ်နာ ကရုဏာ စာဖတ်နာ စတဲ့ နာငါးနာနဲ့ပြည့်စုံတဲ့ ဆရာကောင်း ဆရာမကောင်းများဖြစ်အောင် ကြိုးစားကြရန် မှာကြားပါသည်။ ဆက်လက်ပြီး ခရိုင်ဥက္ကဋ္ဌက တိုင်းရင်းသားဘာသာစကားသင် ဆရာဆရာမ (၂၅၈) ဦးအား အရည်အသွေးမြှင့်ဆွေးနွေးပွဲ ပြီးမြောက်ကြောင်း လက်မှတ်များကို အပ်နှင်းခဲ့သည်။
ထို့နောက် သင်တန်းသား သင်တန်းသူများက တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။ အခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြောင်းမြပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ တက်ရောက်ကြကြောင်း သိရသည်။
ခရိုင် (ပြန်ဆက်)