ကျွန်းစုမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ ကျန်းမာရေးကောင်းမွန်လျက်ရှိ

ကျွန်းစု အောက်တိုဘာ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သူ အထူးရဲတစ်ဦးအား အောက်တိုဘာ(၁၁)ရက်နေ့က   မြို့နယ်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းရှိ  သီးသန့်အဆောင် တွင်  အထူးကြပ်မတ်၍ ဆေးဝါးကုသမှု ခံယူလျက်ရှိရာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သူမှာ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ ကာလ၌ မဲရုံလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာ အုပ်စု၊ အ.မ.က(ထိန်ချောင်း)တွင် ဖွင့်လှစ်ထားရှိသော အထူးရဲသင်တန်း၌ သင်တန်းသား (၃၀)ဦး၊ အရန်(၂)ဦး၊ နည်းပြ(၃)ဦး၊ အုပ်ချုပ်သူ(၁)ဦး စုစုပေါင်း(၃၆)ဦးအား Antigen Test kit ဖြင့် စစ်ဆေးခဲ့ရာမှ သင်တန်းသားအထူးရဲတစ်ဦးထံမှ ကိုဗစ်-၁၉ ပိုးတွေ့ရှိရသဖြင့် ကျွန်းစု ကရုဏာနာရေးကူညီမှုအသင်းမှ မော်တော်ယာဉ်ဖြင့် မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး သီးသန့်အဆောင်တွင်ထားရှိကာ အထူးကြပ်မတ်၍ ဆေးဝါးကုသမှုများ ခံယူလျက်ရှိကြောင်း၊ ၎င်းပိုးတွေ့လူနာမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ (၁၂.၁၀.၂၀၂၀) ညနေ(၅:၃၀) နာရီကထုတ်ပြန်ထားသော ဓာတ်ခွဲအတည်ပြု လူနာစာရင်းတွင်ပါရှိသူတစ်ဦးဖြစ်ပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဌာနမှူး၊ ဒေါက်တာရဲမင်းဦးထံမှ သိရသည်။

မင်းကျော်စော (ပြန်/ဆက်)