ဂန့်ဂေါခရိုင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ်

ဂန့်ဂေါ ဩဂုတ် ၂၅

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဂန့်ဂေါမြို့၊ မြစ်သာခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဂန့်ဂေါခရိုင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်ဇော်ဝင်းက အဂတိလိုက်စားမှုများအား တားဆီးကာကွယ်ခြင်း၊ တိုင်ကြားရာတွင် သတိပြုရမည့်အချက်များ၊ လုပ်ငန်းတာဝန်များ၊ လိပ်မူတိုင်ကြားရမည့်လိပ်စာ၊ ကော်မရှင်၏ အနာဂတ်မျှော်မှန်းချက်၊ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးနှင့်စပ်လျဉ်း၍ သိသင့်သိထိုက်သည်များ စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ဥပဒေအရာရှိ ဦးကျော်ကျော်လင်းက အဂတိလိုက်စားမှုနှင့်စပ်လျဉ်း၍ သတင်းပေးဆောင်ရွက်ခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေများစသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ခရိုင်တရားသူကြီး ဦးကိုကိုနိုင်က အဂတိလိုက်စားမှုများအား တိုက်ဖျက်ဆောင်ရွက်ခြင်းနှင့် ပြည်တွင်း/ပြည်ပ ပူးပေါင်းဆောင်ရွက်ခြင်း စသည်တို့ကို အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ နှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၂၃၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)