ပေါင်းတည်၌ ပြေစာများအပေါ် အခွန်တံဆိပ်ကပ်နှိပ်ခြင်း အသိပညာပေး ရှင်းလင်း

ပေါင်းတည် သြဂုတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး ရှင်းလင်းပွဲကို  ယမန်နေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပေါင်းတည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုက စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းရှင်များ၊ ရွှေဆိုင်လုပ်ငန်းရှင်များ၊ ရုပ်သံလွှင့်မီဒီယာဝန်ဆောင်မှု ဆောင်ရွက် သည့် လုပ်ငန်းရှင်များ၊ လက်ကိုင်ဖုန်း(Handset)နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချခြင်းနှင့် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းရှင်များအနေဖြင့် ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချ ဝန်ဆောင်မှုပေးခြင်းဖြင့် ရသင့်ရထိုက်သော အခွန်ငွေများ လွတ်ကင်းမှု မရှိစေဘဲ နိုင်ငံတော်အစိုးရ၏ ဘဏ္ဍာငွေသို့ ပွင့်လင်း မြင်သာစွာ ရောက်ရှိနိုင်သည်ကို သိရှိစေရန် ရည်ရွယ်၍ အသိပညာပေး ရှင်းလင်းပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် လုပ်ငန်းရှင်များ ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသော လုပ်ငန်းရှင်များမှ သိရှိလိုသည့် မေးမြန်းမှုများအပေါ် မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန ဦးစီးအရာရှိက ပြန်လည်ဖြေကြား ခဲ့ကြောင်းနှင့် အဆိုပါ အခမ်းအနားသို့ လုပ်ငန်းရှင်(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)