မုံရွာ ဩဂုတ် ၂၅
လူငယ်များ စာဖတ်စွမ်းရည်တိုးတက်စေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့်ပြည်စုံသော လူငယ်လူရွယ်များဖြစ်လာစေရေး၊ လူအများနှင့် ဆွေးနွေးပြောဆိုမှုပြုတတ်စေရေး အစရှိသည့် ရည်ရွယ်ချက်များဖြင့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း(အလုံ) ရွှေလုံခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း(အလုံ) ကျောင်းအုပ်ဆရာမကြီးကိုယ်စား တာဝန်ခံဒေါ်နန်းအေးဆွေက အမှာစကားပြောကြားပြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြာရေးမှူး ဦးမြင့်နိုင်စိုးက ကျောင်းသား၊ ကျောင်းသူ လူငယ်များအချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်ကြရာမှ အတွေအကြုံအသစ်များရရှိစေရန်၊ လူအများရှေ့၌ ရဲဝံ့စွာစကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး လူငယ်စကားဝိုင်း ဆွေးနွေးပွဲတွင် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုး Moderator အဖြစ် ဆောင်ရွက်ပြီး အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း(အလုံ)မှ ကျောင်းသား/ ကျောင်းသူ ၄ ဦးတို့က လူငယ်နှင့်စာပေ၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာရိတ္တ စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက စကားဝိုင်းအတွင်း အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် မုံရွာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဦးမြင့်နိုင်စိုးက လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူ(၄)ဦးအား အမှတ်တရလက်ဆောင်များပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းအပြီးတွင် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်ပြသထားသော စာအုပ်ပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)