ဒေးဒရဲမြို့နယ်၌ စစ်​ကြောင်းကြီးငါးကြောင်းဖြင့် ကျေးရွာဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ဒေးဒရဲ သြဂုတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများ စဥ်ဆက်မပြတ်​​ဆောင်ရွက်နိုင်ရေးရည်ရွယ်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော အုပ်ချုပ်​ရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စည်းရုံးရေးစသည့် စစ်ကြောင်းကြီး ငါးကြောင်းအသွင်ဖြင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့နံနက် (၉) နာရီက ရေကန်ချောင်ကျေးရွာအုပ်စု၊ ရေကန်ချောင်ကျေးရွာ ဂန္ဓာရုံဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံတော်ကြီးနှင့် မွန်းလွဲ(၁)နာရီတွင် တိုး(စံပြ)ကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးမွန်မြတ်သူစိုးက ရပ်ရွာအေးချမ်းသာယာရေး၊ ကျေးရွာနေ ပြည်သူများအတွက် လုံခြုံရေးဆောင်ရွက်ပေးနေမှုများ၊ ပြည်သူများအား ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ရေးနှင့် လိုအပ်ချက်များကို မြို့နယ်သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ဆက်သွယ်ဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့ပြီး အတွင်းရေးမှူး ရဲမှူးသက်နိုင်ဦးက ရပ်ရွာအေးချမ်းသာယာရေးလုပ်ငန်းများ တရားဥပဒေစိုးမိုးရေးကိစ္စရပ်များ၊  ကျေးရွာလုံခြုံရေး ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခြင်းနှင့် အဖွဲ့ဝင်(၁) လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးနိုင်ဦးလှိုင်က ပန်းခင်း(၂)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေးနေမှုအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍  မြို့နယ်အဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ရာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် သောက်သုံးရေရရှိရေး၊ ကျေးရွာလျှပ်စစ်မီးရရှိရေး၊ ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်ပေးနိုင်ရေး၊ ကျေးလက်ဒေသရှိတောင်သူများ သွင်းအားစုများ စျေးနှုန်းချိုသာစွာရရှိနိုင်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ ငါးသယံဇာတထိန်းသိမ်းရေးစသည့် ကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများ၏ တင်ပြလာမှုများအခက်အခဲများကို သက်ဆိုင်ရာဌာနအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း