ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ

ဘားအံ ဩဂုတ်၂၅

ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၈/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးကို ဩဂုတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၃)၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ခရီးသွားလုပ်ငန်းကို မီးခိုးမထွက်သော စက်ရုံအဖြစ် သတ်မှတ်ခေါ်ဝေါ်ကြပြီး နိုင်ငံ့ဝင်ငွေရရှိမှုအချိုး မြင့်မားသည့်အတွက် အဓိကအားထားရသည့် လုပ်ငန်းတစ်ခုအဖြစ် သတ်မှတ်ရမည်ဖြစ်ကြောင်း၊ ပြည်နယ်၏မြို့တော် ဘားအံမြို့ကို ခရီးသွားမြို့အဖြစ် သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်မိုးရာသီတွင် စံချိန်တင်ခရီးသည် ဝင်ရောက်မှုရှိခဲ့ပြီး လာမည့်ပွင့်လင်းရာသီတွင်လည်း ယခုထက်မက ခရီးသွားဧည့်သည်ဝင်ရောက်မှု ပိုမိုမြင့်တက်လာမည်ဟု မျှော်မှန်းထားသည့်အတွက် ခရီးသွားဧည့်သည်များ နေထိုင်သွားလာ စားသောက်ရေးမှအစ စိတ်ချမ်းမြေ့ဖွယ်ဖြစ်အောင်၊ အစစအရာရာအဆင်ပြေစေရန် ကြိုတင်စီမံဆောင်ရွက်ထားဖို့လိုကြောင်း၊ ပြည်နယ်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုအစည်းအဝေးသို့ တက်ရောက်လာသူများမှလည်း အကြံဉာဏ်ကောင်းများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က  ခရီးသွားလုပ်ငန်းသည် နိုင်ငံအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာဖွေပေးသည့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသော ဝင်ငွေရလမ်းဖြစ်ပြီး ခရီးသွားကဏ္ဍအတွက် အထောက်အကူပြုမည့်ကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးသက်လင်းက ယခင်အပတ်(၇/၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ယခုအစည်းအဝး(၈/၂၀၂၃)တွင် ဒေသကော်မတီမှ လုပ်ကိုင်ဆောင်ရွက်နေမှုများနှင့် အဆုံးအဖြတ်ပေးရမည့်ကိစ္စရပ်များကို Power Point အသုံးပြုရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးသို့တက်ရောက်လာသူများက မြန်မာ-ထိုင်း-လာအို သုံးနိုင်ငံ Border line မှတစ်ဆင့် အပြန်အလှန်ခရီးစဉ် လည်ပတ်နိုင်ရေးနှင့် ဒေသတွင်းခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)