၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကျင်းပ

ကမမောင်း ဩဂုတ် ၂၅

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ အ.ထ.က (ကမမောင်း) အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကျင်းပခဲ့သည်။

ရှေးဦးစွာ ဖာပွန်မြို့နယ်အုပ်ချူပ်ရေးမှူးဦးအေးမင်းက ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကမမောင်းမြို့ ပြည်သူ့ဆေးရုံတိုက်နယ်ဆရာဝန် ဒေါက်တာဆုရဲထက်က ကျန်းမာရေးဆိုင်ရာ ဆောင်ရန် ရှောင်ရန်များ၊ ကျောင်းကျန်းမာရေးအစီအစဉ်များအား အသိပညာပေး ပြောကြားခဲ့သည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ဖာပွန်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးစိုး က ကျောင်းသား၊ ကျောင်းသူများ လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာစည်းကမ်းများ၊ ဆောင်ရန်ရှောင်ရန်များကို ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများမှ မြို့နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှုအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကျောင်းသားကျောင်းသူများအား ဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ ခရိုင်၊ မြို့နယ်နှင့် ကမမောင်းမြို့မှ ဌာနဆိုင်ရာအကြီးအကဲများ၊ အ.ထ.က (ကမမောင်း) မှ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့သည်။

ကျော်ဟိန်း(ပြန်/ဆက်)