ဘုတ်ပြင်း ဩဂုတ် ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို မိဘအုပ်ထိန်းသူများအနေဖြင့်သိရှိနိုင်ပြီး ကျရောက်နိုင်သည့် အန္တရာယ်များအား ကြိုတင်ကာကွယ်ရှောင်ရှားနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဩဂုတ် ၂၃ ရက်နေ့ မွန်းလွဲအချိန်က ရွှေဘုံသာရပ်ကွက် မြို့နယ်အားကစားခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းက မိဘအုပ်ထိန်းသူများအနေဖြင့် ကလေးငယ်များအား ပြုစုပျိုးထောင် ကာကွယ်စောင့်ရှောက်ရာတွင်လည်း ကလေးသူငယ်အခွင့်အရေးကိုလည်း ကလေးသူငယ်ကိုယ်တိုင် အပြည့်အဝရရှိစေရန် ထိန်းသိမ်းစောင့်ရှောက်မှုနည်းလမ်းများ၊ ကလေးသူငယ်များအား လူကုန်မှုဖြစ်စေနိုင်သည့် အကြောင်းအရာများနှင့် တာဆီးကာကွယ်ရေးဆိုင်ရာများကို လည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သန်းဆင့်က ကလေးသူငယ်အခွင့်အရေး(၄)ရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ အကာအကွယ်ပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်စသည့် ကလေးသူငယ်အခွင့်အရေးများကို ကျယ်ကျယ်ပြန့်ပြန်သိရှိစေရန် အသိပညာပေးဟောပြောပြီး တက်ရောက်လာကြသူများမှ သိလိုသည့်များ မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြောင်းသိရသည်။
ထိုနောက် အသိပညာပေးဟောပြောပွဲ တက်ရောက်လာကြသည့် မိဘအုပ်ထိန်းသူများ၊ ရပ်ကွက်နေပြည်သူများက ခင်းကျင်းပြသထားသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)