ကျုံပျော် ဩဂုတ် ၂၅
ပြည်သူများ အနေဖြင့် လက်ရှိဖြစ်ပေါ်နေသော အခြေအနေအမှန်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်း၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို သိရှိစေရန် အတွက် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ရေစခန်းကျေးရွာ ပရဟိတဘုန်းတော်ကြီးကျောင်းအတွင်း၌ ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး နေအောင်နှင့် အဖွဲ့ဝင်များ၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းမင်းနိုင်နှင့် ဌာနဆိုင်ရာများ ပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းတို့က ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေးနှင့်ပညာရေး ဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း စိုက်ပျိုးရေးဆိုင်ရာကိစ္စများ၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ မှုခင်းဆိုင်ရာ ကိစ္စများကိုလည်းကောင်း ၊ ကျေးရွာအုပ်စုအတွင်း လုံခြုံရေး၊ ကျေးရွာအလိုက် နေအိမ်အလိုက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နိုင်ရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းကိစ္စများကိုလည်းကောင်း အသီးသီး ဆွေးနွေးကြသည်။
ထို့နောက် ကျေးရွာနေပြည်သူများက ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များနှင့်ပတ်သက်၍ တင်ပြ ဆွေးနွေးရာ သက်ဆိုင်ရာ ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်း ဖြေကြားပြီး၊ စစ်ကြောင်းကြီး(၅) ကြောင်းတွင် အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စည်းရုံးရေး စသည့် စစ်ကြောင်းများ ပါဝင်ပြီး၊ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံကာ ပြည်သူ့စကားသံနှင့် တင်ပြလာမှုများအပေါ် အကူအညီပေးနိုင်ရေးအတွက် ကွင်းဆင်း၍ လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)