ဟင်္သာတ သြဂုတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် ကုန်းကြီးကျေးရွာအုပ်စု၊ ရွာသာကုန်းကျေးရွာအုပ်စုများရှိ တိရစ္ဆာန်များအား ယမန်နေ့နံနက် ၁ဝ နာရီတွင် ကာကွယ်ဆေးများ လိုက်လံထိုးနှံပေးခဲ့ကြသည်။
အဆိုပါလုပ်ငန်းများကို ဟင်္သာတခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်သူမျိုး ဦးဆောင်၍ ဝန်ထမ်းများက ကျေးရွာရှိပြည်သူများအား တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ရောဂါများအကြောင်း အသိပညာပေးဟောပြော၍ နွားများဒေါင့်သန်းရောဂါ၊ ပေါင်ပုပ်လက်ပုပ်ရောဂါ၊ လည်ချောင်းကွဲရောဂါကာကွယ်ရေးစသည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။ ယင်းနောက် ကျွဲ၊ နွား၊ ဝက် ကာကွယ်ဆေးများထိုးနှံပေး၍ မွေးမြူရေးခြံများအား ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ဝက်များအားအခမဲ့ ဆေးကုပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ဟင်္သာတမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် တိရစ္ဆာန်များတွင် ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက်( ၁၅-၈-၂၀၂၃ ) ရက် နေ့မှ (၃၀-၈-၂၀၂၃)ရက်နေ့အထိ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်အဖြစ်သတ်မှတ်၍ ခွာနာလျှာနာရောဂါ၊ အရေပြားအကျိတ်နာနှင့် အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချူပ်ရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါက်တာယုနန္ဒာအောင်ထံမှ သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)