သာပေါင်း ဩဂုတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကုန်စျေးနှုန်းထိန်းညှိလျော့ချရေးကော်မတီမှ ယမန်နေ့ ဩဂုတ်လ ၂၃ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ပြည်အေးခန်းမ၌ အင်းလေလံအောင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ကုန်စျေးနှုန်းထိန်းညှိလျော့ချရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ လေလံအောင် အင်းလုပ်ငန်းရှင်(၇၉)ဦးတို့ကို တွေ့ဆုံ၍ အင်းမှထွက်ရှိသည့် ငါးမျိုးစုံအား ဒေသဖူလုံမှုရှိပြီး ပိုလျှံမှသာအခြားဒေသများသို့ တင်ပို့ရောင်းချရန်၊ အင်းလုပ်ငန်းရာသီတွင် ထွက်ရှိသည့် ငါးမျိုးစုံပိဿာအရေအတွက် စာရင်းပေးပို့တင်ပြရန်၊ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ပုစွန်ခြောက်လုပ်ကိုင်ထွက်ရှိပါက စာရင်းပေးပို့တင်ပြရန်နှင့် ကုန်စျေးနှုန်းတည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် တို့ကို ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး စောမင်းပိုင်က မြို့နယ်အတွင်း ငါးထုတ်လုပ်မှုစာရင်းများ တိကျမှန်ကန်ရေးအတွက်ဌာနမှ စာရင်းဇယားပုံစံများ ထုတ်ပေးမည်ဖြစ်ကြောင်းနှင့် လစဉ်ကုန်ထုတ်စာရင်းများ တင်ပြရန်တို့အား ဆက်လက် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း