ကံမမြို့နယ်၌ ၂၀၂၃ -၂၀၂၄ ခုနှစ် မိုးစပါး စံပြဧက (၁၀၀) အား တစ်ဧကလျှင် စပါးတင်း (၁၀၀) ထွက်ရှိရေး တောင်သူများနှင့် ကွင်းဆင်းတွေ့ဆုံ

ကံမ ဩဂုတ် ၂၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ၂၀၂၃ -၂၀၂၄ ခုနှစ် သုံးသီးစိုက် မိုးစပါး စံပြဧက (၁၀၀) အား တစ်ဧကလျှင် စပါးတင်း (၁၀၀) ထွက်ရှိရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမြင့်စိုး၊ အဖွဲ့ဝင် (၂) ဦးမြင့်ရွှေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များသည် ကျောက်မဲကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့နံနက်(၉)နာရီက ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ စာရေးဝန်ထမ်း၊ ကွင်းဝန်ထမ်းများနှင့် စီမံ ကိန်းဝင်တောင်သူ (၅၀) ဦးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင်  စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမြင့်စိုးက ၂၀၂၃ -၂၀၂၄ ခုနှစ် သုံးသီးစိုက် မိုးစပါး စံပြဧက (၁၀၀) ကို (၁)ဧကလျှင် တင်း (၁၀၀) ထွက်ရှိရေး၊ ဆာဖိုးသာ စပါး စံပြကွက်တွင် ဓာတုပိုးသတ်ဆေးသုံးစွဲမှုလျော့ချရေးနှင့် ဘက်စုံဖျက်ပိုး ကာကွယ်နှိမ်နှင်း ရေးအတွက် ဥကပ်ပါး နဂျီကဒ်များ ချိတ်ဆွဲ၍ စုပေါင်းလွှတ်ပေးခြင်းများ ဆောင်ရွက်ရေး၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပြီး ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအုန်းဌေးက စိုက်ပျိုးရေးကဏ္ဍနှင့် ပတ်သက်၍ တောင်သူများအနေဖြင့် စွန့်ဦးတီထွင်စိတ်ရှိပြီး ပြောင်းလဲလာသည့် နည်းစနစ် များနှင့်အညီ လိုက်ပါဆောင်ရွက်ရေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက် နှင့်အညီ စိုက်ဧကများကို မြေလွတ်မြေလပ်မကျန် တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ တစ်သီးစိုက်မှ နှစ်သီးထပ် စိုက်ပျိုးနိုင်ရေး၊ သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေးတို့ကို မှန်(၄)မှန်နှင့် အတူ ပြောင်းလဲ စိုက်ပျိုးနိုင်ရေး ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တောင်သူများအား စပါးခင်းများ အထွက်နှုန်း တိုးစေရေးအတွက် ဥကပ်ပါး နဂျီကဒ်များကို  ဧက (၁၀၀) စာအတွက် ပေးအပ်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမြင့်စိုး၊ အဖွဲ့ဝင် (၂) ဦးမြင့် ရွှေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် စိုက်ပျိုးရေးကွင်းဝန်ထမ်းများက တောင်သူများကို စပါးခင်းများအတွင်း ဥကပ်ပါး နဂျီကဒ်များ နမူနာချိတ်ဆွဲပြသမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)