ဂန့်ဂေါ ဩဂုတ် ၂၅
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ အ.ထ.က(ဂန့်ဂေါ)ကျောင်း၌ ကျောင်းသား/သူများ ဗလငါးတန်နှင့် ပြည့်စုံပြီး လူအများရှေ့၌ စကားပြောဆိုရာတွင် ရဲဝံ့စွာပြောဆိုတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဩဂုတ် ၂၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အ.ထ.က (ဂန့်ဂေါ)ပုံညာခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဂန့်ဂေါခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံ့သားကောင်းလူငယ်များပေါ်ထွန်းစေရေးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉)ရပ်မှ လူမှုရေးဦးတည်ချက် အပိုဒ်(ဂ)ပါ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များအဓိကစွမ်းအားစု အဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံတဲ့လူငယ်များဖြစ်စေရေးတို့ကို အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမြင့်က လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ဖြစ်သည့် လူငယ်များအသိပညာဗဟုသုတပိုမိုရရှိစေရန်၊ ရရှိသည့်ဗဟုသုတများကို လူငယ်အချင်းချင်းပူးပေါင်းဆောင်ရွက်သည့် အလေ့အထကောင်းများရရှိစေရန်၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးအောင်ဝင်းက ယခုကဲ့သို့ လူငယ်စကားဝိုင်းပြုလုပ်ပေးတဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်အေးနှင့် အ.ထ.က(ဂန့်ဂေါ)ကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ဝေဝေလင်းတို့က ဦးဆောင်၍ လူငယ်စကားဝိုင်းကိုစတင်ရာ အ.ထ.က(ဂန့်ဂေါ)ကျောင်း ဧကာဒဿမတန်းမှ မောင်သန်းထိုက်စိုးက လူငယ်နှင့်ပညာရေး၊ ဧကာဒဿမတန်းမှ မမေသဇင်ဇော်က လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး၊ အ.ထ.က(မြို့မ)ကျောင်း ဧကာဒဿမတန်းမှ မအိမ်သူခင်က လူငယ်နှင့် ရည်မှန်းချက်ပန်းတိုင်၊ ဒွာဒဿမတန်းမှ မောင်ဖြိုးသန့်ဟိန်းက လူငယ်နှင့်ပတ်ဝန်းကျင် စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။ ဆက်လက်ပြီး တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများက အဆိုပါခေါင်းစဉ်များနှင့်ပတ်သက်၍ မိမိတို့၏အတွေးအမြင်များနှင့် သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကျောင်းစာကြည့်တိုက်အတွက် သုတ/ရသစာအုပ်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးရာထွန်းမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါလူငယ်စကားဝိုင်းသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး အသိပညာပေးပြသထားသော သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေးနံရံကပ်ပြဘုတ်များအား လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)