မြန်အောင် သြဂုတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ၂၀၂၃-၂၀၂၄ခုနှစ် မိုးနေကြာစိုက်ပျိုးရေး ခရိုင်အတွင်း စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ယမန်နေ့နံနက်က မြန်အောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
မိုးနေကြာစိုက်ပျိုးရေး ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး(ယာယီ) ဦးစိုးမြင့်အောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ သင်တန်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန(ရုံးချုပ်) နေပြည်တော် သုသေသနအရာရှိ Dr.ဒေါ်နန်းပပဝင်း က နေကြာသီးနှံမျိုးမွေးမြူထုတ်လုပ်နည်း မျိုးစေ့အဆင့်ဆင့်ပွားများနည်းနှင့် မျိုးသန့်စနစ်တကျထိန်းသိမ်းနည်း၊ နေကြာသီးနှံစိုက်ပျိုးထုတ်လုပ်နည်းနှင့် မျိုးသန့်စနစ်တကျထိန်းသိမ်းနည်းများ၊ တောင်သူ့စိုက်ခင်းတွင် သဘာဝဝတ်မှုန်ကူးမျိုး(OPV)နေကြာ မျိုးသန့်ရွေးချယ်ထိန်းသိမ်းခြင်းတို့အား သင်ကြားဆွေးနွေးပြီး မျိုးစေ့ဌာနစိတ်(ရုံးချုပ်) နေပြည်တော်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမြိုင်ကနေကြာသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရန် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ အပင်ပြုစုစောင့်ရှောက်ခြင်း၊ အောင်စေ့ရာခိုင်နှုန်းများစေရန် ဆောင်ရွက်ရမည့်လုပ်ငန်းများအကြောင်း သင်ကြားဆွေးနွေးခဲ့ကြသည်။
မြန်အောင်ခရိုင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးနေကြာစိုက်ပျိုးရေး ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းသို့ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးများနှင့်ဝန်ထမ်း(၄၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)