ပခုက္ကူမြို့၌ သတင်း၊ဆောင်းပါးရေးသားနည်းနှင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်း သင်တန်းဆင်းပွဲ ကျင်းပ

ပခုက္ကူ ဩဂုတ် ၂၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော သတင်း၊ ဆောင်းပါး ရေးသားနည်းနှင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်း သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ၄ နာရီခွဲ အချိန်က ခရိုင်စားသုံးသူရေးရာဦးစီးဌာန (CICC) ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပခုက္ကူခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က သင်တန်းကာလအတွင်း သင်ကြားပို့ချပေးသည့် သင်ခန်းစာများအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် သင်တန်းသား၊ သင်တန်းသူများ၏ အဖွဲ့လိုက် သတင်းရေးသားမှုများနှင့် ဗီဒီယို ရိုက်ယူတည်းဖြတ်မှုများအား သင်တန်းနည်းပြက စိစစ်အကဲဖြတ် အမှတ်ပေးကြပြီး တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ သင်တန်းကို ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်မှ ၂၃ ရက်အထိ သတင်းနှင့် ဆောင်းပါးရေးသားနည်းများ၊ သတင်းဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးနည်းများ၊ အင်တာဗျူးအစီအစဉ် ရိုက်ကူးနည်းနှင့် ကြိုတင်ပြင်ဆင်ရမည့် အချက်များ၊ Video Editing Application များ အသုံးပြု၍ သတင်းဓာတ်ပုံနှင့် ဗီဒီယိုများ စနစ်တကျ ဖန်တီးတည်းဖြတ်နည်းများအကြောင်းတို့ကို စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးကြရာ ပခုက္ကူခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်း(၁၉)ဦး တက်ရောက်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)