ပေါက်ခေါင်းမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအား တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး

ပေါက်ခေါင်း ဩဂုတ် ၂၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်သော မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုး‌ရေးနှင့် မွေးမြူရေးလုပ်ငန်းများကို မြို့နယ်ဦးစီးမှူးနှင့် အဖွဲ့ဝင်များက  ဩဂုတ် ၂၂ ရက်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခင်မြဝင်း၊ အဖွဲ့ဝင်များနှင့် ကျေးရွာဖွံ့ဖြိုးရေးတာဝန်ခံများအဖွဲ့သည်  ကျွဲပေါင်ပင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း(သိန်း ၃၀၀) အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများဖြစ်သည့် ပဲမျိုးစုံ၊ ငရုတ်၊ ပြောင်းဖူးနှင့် စားဖိုဆောင်သီးနှံများနှင့် ဆိတ်မွေးမြူရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဈေးရောင်းလုပ်ငန်းများနှင့် အသေးစားလုပ်ငန်းများ လုပ်ကိုင်ပြီး ရရှိလာသည့် အတိုးရငွေများဖြင့် ကျေးရွာအတွင်း လိုအပ်သည့် လမ်းများ၊ တံတားများ၊ ရေရရှိရေးနှင့် မီးရရှိရေး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)