ရေနံချောင်းတက္ကသိုလ်၌ “တရုတ်တက္ကသိုလ်များနှင့် မြန်မာစာ မြန်မာစကား”ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြော

ရေနံချောင်း ဩဂုတ်

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ရေနံချောင်းတက္ကသိုလ်၌ မြန်မာစာ မြန်မာစကားကို လေးစားမြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ “တရုတ်တက္ကသိုလ်များနှင့် မြန်မာစာ မြန်မာစကား” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ဩဂုတ် ၂၃ ရက်နေ့ နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိခင်ဘာသာစကားဖြစ်သည့် မြန်မာစာ မြန်မာစကားကို လေးစားတန်ဖိုး ထားတတ်စေရန်၊ ကျောင်းသင်ခန်းစာများတွင် အထောက်အကူဖြစ်စေရန်၊ မြန်မာစာ မြန်မာစကား၏ အနှစ်သာရ များ၊ မှန်ကန်သည့် ရေးသားပြောဆိုနည်းများကို တစ်ထိုင်တည်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန် ယခုကဲ့သို့ ဟောပြောပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မန္တလေးတက္ကသိုလ် မြန်မာစာဌာန ပါမောက္ခ(ဌာနမှူး) အငြိမ်းစားဆရာမကြီး ဒေါက်တာ ရွှေရွှေက “တရုတ်တက္ကသိုလ်များနှင့် မြန်မာစာ မြန်မာစကား”ခေါင်းစဉ်ဖြင့် တရုတ်နိုင်ငံတက္ကသိုလ်တစ်ခုတွင် မြန်မာစာ မြန်မာစကား သွားရောက်သင်ကြားပို့ချစဉ်က အတွေ့အကြုံများ၊ သင်ကြားသင်ယူမှုပုံစံများ၊ မြန်မာနိုင်ငံနှင့် ယနေ့မြန်မာစာ၊ မြန်မာစကားများ၊ လူမှုကွန်ယက်စာမျက်နှာအချို့တွင် တွေ့ကြုံနေရသည့် လွဲမှားစွာ ပြောဆိုသုံးနှုန်းနေမှုများနှင့် ကျောင်းသား၊ ကျောင်းသူများအကြား မြန်မာစာ မြန်မာစကားကို ဗျည်း၊ သရမှန်ကန်စွာ ပြောဆိုသုံးနှုန်းတတ်စေရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲသို့ ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်၊ ပါမောက္ခ(ဌာနမှူး)များ၊ မြန်မာစာပါမောက္ခ(ဌာနမှူး) ဒေါက်တာငွေထိုက်၊ သင်ကြား/စီမံဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)