ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခမ်းအနားမှူးသင်တန်းဖွင့်လှစ်

ထားဝယ်    ဩဂုတ် ၂၅

တနင်္သာရီတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီး၍ ဌာနဆိုင်ရာဝန်ထမ်းများအား အခမ်းအနားမှူးသင်တန်းကို  ယမန်နေ့နံနက်ပိုင်းက ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်ခိုင်က ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် မိမိတို့အားဌာနမှ အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ရန် တာဝန်ပေးအပ်လာသည့်အချိန်တွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ အခမ်းအနားမှူးသည် အသံသြဇာနှင့်ပြည့်စုံရန်လိုကြောင်း၊ အခမ်းအနားမှူးဆိုသည်မှာ အစည်းအဝေး၊ ဆွေးနွေးပွဲ၊ လှူဒါန်းပွဲ၊ ဖွင့်ပွဲအခမ်းအနား၊ သင်တန်း၊ ဘာသာရေးအခမ်းအနားများ အောင်မြင်စွာပြီးမြောက်သည်အထိ တာဝန်ထမ်းဆောင်ရကြောင်းနှင့်  အခမ်းအနားမှူးတစ်ဦးတွင် သိရှိလိုက်နာရမည့်အချက်များ၊ ဆောင်ရန် ရှောင်ရန်အချက်များကို အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။

၎င်းနောက် တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးတို့က တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ အရာထမ်း/အမှုထမ်း ဝန်ထမ်း(၂၄)ဦးတို့အား Master of Ceremony (M.C) တစ်ဦးတွင် ရှိရမည့်အဓိကအရည်အချင်းများ၊ အခမ်းအနားမှူးတစ်ဦး၏ အရည်အချင်း၊ အခမ်းအနားမှူး၏ဝတ်စားဆင်ယင်မှု၊ အသံအနေအထား၊ မိုက်ကရိုဖုန်းနှင့်ပြောဆိုရမည့်နည်းလမ်းများ၊ အသံအဖြတ်အတောက်၊ အနိမ့်အမြင့် အသုံးအနှုန်းများကို ဩဂုတ် ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ စာတွေ့ လက်တွေ့ လေ့ကျင့် သင်ကြားပြသပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)