ကယားပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ပူးပေါင်း၍ အစေ့ထုတ်ပြောင်းစမ်းသပ်ကွက်၊ ပဲပုပ်စမ်းသပ်ကွက်များ စိုက်ပျိုးပြသခြင်းနှင့် မိုဘိုင်းဆိုလာဖြင့် ရေအသုံးချမှု ကွင်းသရုပ်ပြပွဲ လွိုင်ကော်မြို့၌ကျင်းပ

လွိုင်ကော် ဩဂုတ် ၂၅

ကယားပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ပူးပေါင်း၍ အစေ့ထုတ်ပြောင်းစမ်းသပ်ကွက်၊ ပဲပုပ်စမ်းသပ်ကွက်များ စိုက်ပျိုးပြသခြင်းနှင့် မိုဘိုင်းဆိုလာဖြင့် ရေအသုံးချမှု ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက လွိုင်ကော်စိုက်ပျိုးရေး သုတေသနခြံ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်မှ စိုက်ပျိုးတောင်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် မူဝါဒများချမှတ်ပြီး ပြည်သူလူထုတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ MSME လုပ်ငန်းများကိုအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တောင်သူများ၏ အကျိုးစီးပွားနှင့် ပြည်နယ်အတွင်း စားရေရိက္ခာလိုအပ်ချက်များကို ဘက်ပေါင်းစုံမှ ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဌာနဆိုင်ရာ အသီးသီးအနေဖြင့်လည်း တောင်သူများနှင့် စဉ်ဆက်မပြတ် ထိတွေ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်မှုရှိလာစေရေး အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဒေသအတွင်း ပိုလျှံသည်အထိ တိုးတက်အောင်ထိရောက် ကျယ်ပြန့်စွာ ဆောင်ရွက်ရန်လိုကြောင်း၊ တောင်သူများအနေဖြင့်လည်း မိရိုးဖလာလုပ်ငန်းအဆင့်မှ ခေတ်မှီနည်းပညာများအသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ဒေသနှင့်ကိုက်ညီသော အထွက်ကောင်းမျိုးများ ရွေးချယ်သုံးစွဲစိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေးသုတေသနခြံ၊ ခြံတာဝန်ခံက ကွင်းသရုပ်ပြပွဲ ဆောင်ရွက်ရခြင်းရည်ရွယ်ချက်၊ ပြည်နယ်ကျေးလက်ဖွံဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက မိုဘိုင်းဆိုလာဖြင့် ရေအသုံးချမှုဆောင်ရွက်နိုင်သည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ အသီးသီးရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး တောင်သူများက သိလိုသည်များကို တင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်စကား ပြောကြားခဲ့ပြီး လွိုင်ကော်စိုက်ပျိုးရေးသုတေသန ခြံဝန်းအတွင်းရှိ အစေ့ထုတ်ပြောင်း စမ်းသပ်ကွက်၊ ပဲပုပ်စမ်းသပ်ကွက်များမှ အောင်မြင်ဖြစ်ထွန်းနေသော စိုက်ပျိုးသီးနှံများနှင့် မိုဘိုင်းဆိုလာစနစ်ဖြင့် ရေအသုံးချဆောင်ရွက်နိုင်မှု သရုပ်ပြကွက်များကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ကိုဇင်(လွိုင်ကော်)