သရက်ချောင်း ဩဂုတ် ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုနှင့် စံပြမိခင်၊ ကိုယ်ဝန်ဆောင်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာအခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥကက္ကဋ္ဌဦးမိုးထွေးဦးက အဆိုပါအခမ်းအနားသို့တက်ရောက်လာသော တာဝန်ရှိသူများနှင့်ကိုယ်ဝန်ဆောင်မိခင်များအား နှုတ်ခွန်းဆက်အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံသားတိုင်းအာဟာရပြည့်ဝခြင်းသည် လူတစ်ဦးချင်း၊ မိသားစုတစ်ဦးချင်းစီကစတင်၍ နိုင်ငံတော်တစ်ခုလုံးဖွံ့ဖြိုးရေးအတွက် အရေးကြီးသည့်အခန်းကဏ္ဍဖြစ်ရာ ပြည်သူများနေ့စဉ်စားသုံးသောအစားအစာသည် သန့်ရှင်း၍ အာဟာရဓါတ်များ ပြည့်စုံကြွယ်ဝရန်လိုအပ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနသည် (၂၀၀၉)ခုနှစ်မှစတင်၍ ပြည်သူလူထုအနေဖြင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုသိရှိ၍ ပူးပေါင်းဆောင်ရွက်ရန်ရည်ရွယ်ပြီး အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် နှစ်စဉ်ဩဂုတ်လ၏ ပထမရက်သတ္တပတ်ကို မိခင်နို့စနစ်တကျတိုက်ကျွေးရေးရက်သတ္တပတ်၊ ဒုတိယရက်သတ္တပတ်ကို ငါးနှစ်အောက်နှင့် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ တတိယရက်သတ္တပတ်ကို ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊စတုတ္ထရက်သတ္တပတ်ကို အိုင်အိုဒင်းချို့တဲ့မှုပပျောက်ရေးရက်သတ္တပတ်များအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အသက်၅နှစ်အောက်မှ ကျောင်းနေအရွယ်ကလေးသူငယ်များ အာဟာရဖွံ့ဖြိုးရေးအတွက် အင်အားပြည့်ဗီတာမင်အေဆေးလုံး တိုက်ကျွေးခြင်း၊ အသက် ၂နှစ် အထက်ကလေးသူငယ်များအားလုံးကို သံချဆေးတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များကို သံဓာတ်ဆေးပြားနှင့် ဗီတာမင်ဝမ်းဆေးပြားများ၊ နို့တိုက်မိခင်များကို ဗီတာမင်ဝမ်းဆေးပြားများ တိုက်ကျွေးခြင်းတို့ကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယခုအာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်ကာလတွင် လူထုလှုပ်ရှားမှုအသွင်ဖြင့် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ အိုင်အိုဒင်းချို့တဲ့မှု ပပျောက်ခြင်း ဖြင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှု၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု တိုးတက်စေရန် ရည်ရွယ်၍ "တစ်နိုင်ငံလုံး အိုင်အိုဒင်းဆားစားသုံးစေခြင်း" နည်းဗျူဟာကို ရေရှည်စီမံချက် ချမှတ်ပြီး အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကချမှတ်ထားသော ဦးတည်ချက်(၁၂)ရပ်ထဲက လူမှုရေးဦးတည်ချက်တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့်လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန်အတွက် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်သော အနာဂတ်လူချွန်လူကောင်းများပေါ်ထွက်စေရန် အခြေခံကျပြီး အရေးပါသည့်အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုများနှင့်အတူ ပိုမိုခိုင်မာတွင်ကျယ်လာအောင် ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦးမှ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုအကြောင်း ရှင်းလင်းတင်ပြခြင်း၊ ဆုရရှိသော ကိုယ်ဝန်ဆောင်မိခင်များနှင့်စံပြမိခင်များအား တာဝန်ရှိသူများက ဆုချီးမြှင့်ခြင်းနှင့် အမှတ်တရမှတ်တမ်း ဓါတ်ပုံများရိုက်ကူးကာ အခမ်းအနားရုတ်သိမ်းခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်များအား မေးခွန်းများမေးမြန်းခြင်းနှင့် ခင်းကျင်းပြသထားသော အစားအစာအုပ်စုများနှင့် အာဟာရဖြစ်သောအစားအစာများ ချက်ပြုတ်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်တာဝန်ရှိသူများ၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်ပြည့်ပြည့်ဝန်းနှင့်အဖွဲ့ဝင်များ၊ကိုယ်ဝန်ဆောင်မိခင်များက လေ့လာကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)