ကသာ ဩဂုတ် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းကာ စာပေဖတ်ရှုသည့် အလေ့အထကောင်း များ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန်ရည်ရွယ်၍ စာရေးဆရာ ညိမ်းညို၏ “ကျင့်ဝတ်လည်ဆွဲမြဲနိုင်ခဲစေ” ရသစာတမ်းဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းပြုလုပ်ရာတွင် ကသာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကသာမြို့ Book Club အဖွဲ့ဝင် စာရေးဆရာ(ကသာ သင်းမွှေး)က စာရေးဆရာ ညိမ်းညို ရေးသားသည့် “ကျင့်ဝတ်လည်ဆွဲ မြဲနိုင်ခဲစေ” ရသစာတမ်းတွင်ပါရှိသည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး မြို့နယ် Book Club အဖွဲ့ဝင် ကသာမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးဘမောင် (ကိုဘ၊ ကသာ)က လည်းကောင်း၊ စာပေချစ်သူ ဦးသန်းဦး (ကြယ်ပြောင် ကသာ)၊ စာပေချစ်သူ ဒေါ်ချိုချိုပြုံးမြင့်နှင့် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေချစ်သူများက မိမိတို့၏ အတွေးအမြင်ရသများကို အသီးသီး ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ကသာမြို့နယ်စာရေဆရာအသင်း နာယက ဦးချစ်မြိုင်က စာပေချစ်သူများ၏ ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးရာတွင် မိမိတို့၏ တိုးတက်ရာတိုးတက်ကြောင်းကို ရည်မှန်းချက်ရှိစွာ လျှောက်လှမ်းရာတွင် မှန်မှန်ကန်ကန် စဉ်းစားဆုံးဖြတ် ရမည်ဖြစ်ကြောင်း၊ ငယ်စဉ်ကပင် ကိုယ်ချင်းစာစိတ်၊ ညှာတာစိတ်ရှိဖို့ လိုအပ်ကြောင်း၊ ကျင့်ဝတ္တရားများကို တစ်ဦးတစ်ယောက်ချင်းစီတိုင်းက တတ်စွမ်းသမျှ ကောင်းမွန်အောင် ဆောက်တည်ကျင့်သုံးကြရမည် ဖြစ်ကြောင်းတို့ကို ပြန်လည်ဖြည့်စွက်ဆွေးနွေးကာ စာပေချစ်သူများက သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေး ခဲ့ကြသည်။
ကသာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကသာမြို့ Book Club အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူများနှင့်ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကို လစဉ်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(ကသာ)