မြဝတီမြို့နယ်တွင် တိရစ္ဆာန်ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး

မြဝတီ ဩဂုတ်၂၄

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်တွင် တိရစ္ဆာန်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ခြင်း ဆိုင်ရာလှုပ်ရှားမှု  ရက်သတ္တပတ်အနေဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဩဂုတ်လ ၁၅ရက် နေ့မှ ၃၀ရက်နေ့ထိ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၊ ရေပူနှင့် ကျောက်လုံးကြီးမွေးမြူရေးဇုန်များတွင် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေးထိုးခြင်း၊ ရောဂါစူးစမ်းလေ့လာခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်း၊ ပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းတို့ကို  ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြဝတီခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာတင့်လွင်၊မြို့နယ်ဦးစီးမှူး ဒေါက်တာမင်းဝင်းအောင်ဦးဆောင်သောကွင်းဆင်းအဖွဲ့တို့သည် တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် ရောဂါလက္ခဏာများနှင့် ကြိုတင်ကာကွယ်ကုသရေးနည်းလမ်းများကို ရှင်းလင်း ပြောကြားပေးပြီး နွားအကောင်ရေ ၉၈၀ ကောင်၊ ဆိတ် ၁၀၅ ကောင်၊ ဝက် ၂၀၉ ကောင်၊ ဒေသကြက် ၁၈၀၀ ကောင်တို့အား  ကူးစက်ရောဂါကာကွယ်ဆေး  အခမဲ့ထိုးနှံပေးသည်။ဆက်လက်၍ မြဝတီမြို့နယ်အတွင်း ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာများ၌ ကာကွယ်ဆေးအခမဲ့ ထိုးနှံပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)