ပုသိမ် ဩဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အခြေခံပညာအဆင့် ကဗျာလွတ်ပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာတန်ဆောင်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပုသိမ်ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းဦးမှ ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ကျော်ဦးက အမှာစကားပြောကြားကာ ကဗျာလွတ်ပြိုင်ပွဲ အမှတ်ပေးဒိုင်ချုပ်က ကဗျာလွတ်ပြိုင်ပွဲနှင့်ပတ်သက်၍ စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲကိုဆက်လက်ကျင်းပပြုလုပ်သည်။
ပြိုင်ပွဲတွင် ပုသိမ်မြို့ရှိ အခြေခံပညာကျောင်းများမှကဗျာလွတ်အကဖြင့် ကပြပြိုင်ပွဲဝင်ခဲ့ကြရာ ပုသိမ်ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ အဖွဲ့ဝင်(၂)ဦးစိုးပိုင်နှင့် အခြေခံပညာကျောင်းများမှကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ တစ်ဖွဲ့ချင်းအလိုက် နည်းပြကြီးကြပ်ဆရာမများ၊ ပြိုင်ပွဲဝင်ကျောင်းသူများနှင့်မိဘများ တက်ရောက်အားပေးခဲ့ကြသည်။
ပြိုင်ပွဲအပြီးတွင် ဆုပေးပွဲအားဆက်လက်ကျင်းပရာ ပထမဆုရရှိသည့်အမှတ်(၁) အခြေခံပညာကျောင်း အား ပုသိမ်မြို့နယ်ပညာရေးမှူး ဒေါ်ခင်ခင်အေးမှလည်းကောင်း၊ ဒုတိယဆုရရှိသည့် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းနှင့် တတိယဆုရရှိသည့်အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်းတို့အား မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြင့်ဟန် ( ပြန်/ဆက်)