စစ်ကိုင်း ဩဂုတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း(၇)ခုမှ ခေတ်မီစံပြကျေးရွာရှိ ပြည်သူများဝင်ငွေတိုးလာစေရေး ဆောင်ရွက်မည့်စီမံကိန်းကို စစ်ကိုင်းမြို့နယ် ဆင်တပ်ခေတ်မီစံပြ ကျေးရွာတွင် အခြေခံစက်ချုပ်သင် တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် စစ်ကိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက သင်တန်းဆင်းအမှာစကား ပြောကြားရာ သင်တန်းသူများအနေဖြင့် သင်တန်းမှ ရရှိခဲ့သည့် ပညာရပ်များကို မိမိတို့၏ မိသားစုဝင်ငွေတိုးရရှိစေရေး လက်တွေ့ဆောင်ရွက်လုပ်ကိုင်သွားကြဖို့လိုကြောင်း၊ သင်တန်းကာလ(၁)လကြာ သင်ကြားပြသပေးခဲ့သည့် အတွက် ပညာရပ်များလည်း ရရှိကြလိမ့်မည်ဖြစ်ကြောင်း ပြောကြားကာ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းမှ ရရှိခဲ့သည့် ထုတ်ကုန်များကို သင်တန်းသူများအား ပေးအပ်ခဲ့ကြကြောင်း သိရသည်။
စစ်ကိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် မြို့ပေါ်၊ ရပ်ကွက်/ကျေးရွာပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် မုန့်မျိုးစုံနည်းပညာပေး သင်တန်းများ၊ အခြေခံစက်ချုပ်နည်းပညာပေးသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်