အထက်မင်းလှ ဩဂုတ် ၂၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၃-၂၀၂၄ခုနှစ်တွင် သီးထပ်၊ သီးညှပ်တိုးချဲ့တိုးတက်စိုက်ပျိုးနိုင်ရေး၊ နေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဝါသီးနှံစိုက်ဧက ထပ်မံတိုးချဲ့စိုက်ပျိုးနိုင်ရေး အဓိကသီးနှံ(၁၀)မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် တောင်သူအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လင်းကယ်တိုက်နယ်၊ ညောင်ဝိုင်းတိုက်နယ်၊ မြို့မတိုက်နယ်၊ ရေနံမတိုက်နယ်၊ ရှမ်းတပ်တိုက်နယ်နှင့် လက်ပံတံခါးတိုက်နယ်များသို့ ကွင်းဆင်း၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများက ရပ်ကွက်ကျေးရွာစိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများအား တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ပျိုးရာသီတွင်စိုက်ပျိုးဆောင်ရွက်ရန် လျာထားချက် ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေး တောင်သူများအနေဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ နေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဝါသီးနှံဧက ထပ်မံတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အဓိကသီးနှံ(၁၀)မျိုးပန်း တိုင်အထွက်နှုန်းရရှိရေးတို့ကို ဆွေးနွေးပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးသိန်းက သီးနှံစိုက်ပျိုးနည်းစနစ်များနှင့် ပတ်သက်၍ တောင်သူများအားအသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဌာနဆိုင်ရာများက တောင်သူများအား ဝါမျိုးစေ့နှင့် နေကြာမျိုးစေ့များ ထောက်ပံ့ပေးခဲ့ပြီး၊ ဒေသခံတောင်သူများ စိုက်ပျိုးထားသည့် ဝါသီးနှံစိုက်ခင်းများ၊ မိုးနေကြာစိုက်ခင်းများနှင့် မြေပဲစိုက်ခင်းများအား ကြည့်ရှုခဲ့သည်။ မင်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ခုနှစ်စိုက်ပျိုးရာသီတွင် စိုက်ဧကများ လျာထားချက်ပြည့်မီရေး၊ သီးထပ်စိုက်စွမ်းအားမြှင့်တင်ရေး၊ အဓိကသီးနှံ(၁၀)မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်ပျိုးရေရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာစိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများမှ တိုက်နယ်(၆)ခုတွင်၊ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ကွင်းဆောင်ရွက်လျက်ရှိသည်။
မင်းလှမြို့နယ်တွင် ကျေးရွာအုပ်စု(၆၃)အုပ်စုရှိရာ၊ ၂၀၂၃-၂၀၂၄ခုနှစ်တွင် မိုးစပါးစိုက်ပျိုးရန်လျာထားဧက(၁၄၂၉၅)ဧက၊ နေကြာသီးနှံစိုက်ပျိုးရန် လျာထားဧက (၆၈၈၀)ဧက၊ ဝါသီးနှံစိုက်ပျိုးရန်လျာထားဧက(၃၃၁၃၂)ဧက လျာထားလျက်ရှိရာ ဩဂုတ်လ(၂၄)ရက်နေ့အထိ မိုးစပါး(၁၄၄၉၇)ဧက၊ နေကြာ(၁၄၀၁)ဧက၊ ချည်မျှင်ရှည်ဝါ (၂၁၃၅၀)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
ဇာဇာ(အထက်မင်းလှ)