ကျိုက်လတ် ဩဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းသည် ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ညနေ(၄)နာရီခန့်က မြို့နယ်ပြည်သူ့ဆေးရုံရှိ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲ ကျင်းပခဲ့သည်။
တွေ့ဆုံပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းက မြို့နယ်ပြည်သူ့ဆေးရုံရှိ ဆေးဝါးပစ္စည်းများအား သက်တမ်းကုန်ဆုံးမှုမဖြစ်စေရေး အလေးထားစစ်ဆေးရန်၊ မြို့နယ်အတွင်းမွေးဖွားမှုနှင့် သေဆုံးမှုစာရင်းများပြုစုရာတွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့်ပေါင်းစပ်၍ စာရင်းတိကျမှန်ကန်စေရေး ဂရုပြုဆောင်ရွက်ရန်၊ ဆေးရုံသို့ရောက်ရှိလာသည့် လူနာများအား ဓာတ်မှန်ရိုက်ရန်လိုအပ်ခြင်းနှင့် ဓာတ်ခွဲစစ်ဆေးခြင်းများ ပြုလုပ်ရမည်ဆိုလျှင် ပြည်သူ့ဆေးရုံတွင် အပြည့်အဝဆောင်ရွက်မှုပေးနိုင်ရေးတို့ကို ကြိုးစားဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။ အဆိုပါတွေ့ဆုံပွဲသို့ ကျိုက်လတ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇော်မောင်နှင့် ဆရာဝန်များ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဒေါ်ရီရီမြင့်