တနင်္သာရီ ဩဂုတ် ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ Woman Club ဆန္ဒတူ ဝါသနာတူ အမျိုးသမီးများအဖွဲ့နှင့်ပူးပေါင်း၍ ဒေသခံပြည်သူများ ဗဟုသုတတိုးတက်မြင့်မာရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာအုပ်စာပေနှင့် ရင်းနှီးထိတွေ့မှု ပိုမိုတိုးတက်လာစေရေးနှင့် စာကြည့်တိုက်ကို အသုံးပြုသူဦးရေတိုးတက် လာစေရေးရည်ရွယ်၍ ယမန်နေ့မွန်းလွဲ (၁) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမအတွင်း စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ၏ “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့ကြသည်။
စာဖတ်ဝိုင်းတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သီသီခိုင်က ယခုစာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် မြို့နယ် Woman Club အဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အမျိုးသမီးရေးရာအဖွဲဥက္ကဋ္ဌ ဒေါ်မြတ်စုဝင်းက စာရေးဆရာ မောင်ခင်မင်(ဓနုဖြု) ရေးသားထားသော “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ပါ ခေါင်းစဉ်များမှမှတ်သားစရာဗဟုသုတ ရဖွယ်အကြောင်းအရာများကို ဆန်းစစ် ဆွေးနွေးသည်။
အလားတူ Woman Club အဖွဲ့ဝင်များကလည်း မိမိတို့လေ့လာဖတ်ရှုပြီးဖြစ်သည့် လူငယ်တွေအတွက် လူကြီးတွေ ပြင်ဆင်သင့်သည့်အရာများ၊ အာစရိယပူဇော်ပွဲ ကအပြန်၊ သူတို့ပြောတဲ့မြန်မာအကြောင်း၊ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ၊ ဆရာမတိုက်ကျွေးသော အားဆေးစကား၊ နောက်တစ်ချက်ထပ်ရိုက်ပါ၊ ပညာတတ်ဖို့ စာဖတ်ရမည်၊ ဆရာတပည့် ပုံရိပ်စသည့် ခေါင်းစဉ်များနှင့် အခြားခေါင်းစဉ်များပါ အကြောင်းအရာများကို စာဖတ်ဝိုင်းပြုလုပ်၍ ပြန်လည်ဆွေးနွေးပြီး ထင်မြင်ချက်များ သုံးသပ်ကြကြောင်း သိရှိရသည်။
နန်းသာရီ~ထိန်ဝင်း(ပြန်ဆက်)