မုံရွာ သြဂုတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာကဏ္ဍစာရင်းအင်းဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် စာရင်းအင်းအရည်အသွေး တိကျ၊ ပြည့်ဝ၊ မှန်ကန်ရေးဆိုင်ရာ ဆင့်ပွားအလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီ/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးမှ အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီး၏လယ်ယာ ကဏ္ဍဆိုင်ရာစာရင်းအင်းနှင့် မြေအသုံးချမှုဆိုင်ရာစာရင်းအင်းများအရ စိုက်ပျိုးရေးလုပ်ငန်း အားအောင်မြင်အောင်ဆောင်ရွက်နိုင်သည့် မြေနှင့်ရေသယံဇာတရှိထားပြီးဖြစ်၍ စိုက်ပျိုးစွမ်းအားတိုးတက်ရေးအတွက် မိုးစပါးတစ်သီးစိုက် စိုက်ပျိုးမြေများတွင်ပါ သီးထပ်စိုက်ပျိုးရေးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မြေယာစီမံခန့်ခွဲရေးနှင့် လယ်ယာကဏ္ဍစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေအသုံးချမှုဆိုင်ရာစာရင်းအင်းနှင့် လယ်ယာကဏ္ဍဆိုင်ရာ စာရင်းအင်းများ တိကျမှန်ကန်ရေးသည် အရေးကြီးပါကြောင်း၊ ခိုင်မာသောမြေအသုံးချမှုဆိုင်ရာ စာရင်းအင်းအချက်အလက်များ ထူထောင်နိုင်ရေးအတွက် စာရင်းအင်းများ၏ အရည်အသွေးပြည့်ဝမှန်ကန်ရေးသည် စာရင်းကောက်ယူပြုစုသူဝန်ထမ်းများ၏ အရည်အသွေးကျွမ်းကျင်ပြည့်ဝမှုအပေါ်မူတည်သဖြင့် နှစ်စဉ်ကောက်ယူလျက်ရှိသည့် လယ်ယာကဏ္ဍဆိုင်ရာစာရင်းအင်းနှင့် မြေအသုံးချမှုဆိုင်ရာစာရင်းအင်းများ တိကျ၊ ပြည့်ဝ၊ မှန်ကန်စေရေးအတွက် ဆွေးနွေးပွဲသို့တက်ရောက်လာသူများမှ ပွင့်ပွင့်လင်းလင်းဝိုင်းဝန်းဆွေးနွေးအကြံပြုကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးသန်းလွင်က လယ်ယာကဏ္ဍစာရင်းအင်းဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် စာရင်းအင်းအရည်အသွေး တိကျ၊ ပြည့်ဝ၊ မှန်ကန်ရေးဆိုင်ရာ ဆင့်ပွားအလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆွေးနွေးပွဲသို့ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါရုံးအတွင်းရှိ ခေတ်အဆက်ဆက်တွင်အသုံးပြုခဲ့သည့် ကြေးတိုင်နှင့်မြေစာရင်း တိုင်းတာရေးသုံးစက်ကိရိယာများ၊ မြေပုံထုတ်လုပ်ရေးဆိုင်ရာပုံနှိပ်စက်များ၊ လယ်ယာမြေကွင်းတိုင်းတာရေးလုပ်ငန်း မှတ်တမ်းဓါတ်ပုံပြခန်း၊ ရုံးစာကြည့်တိုက်နှင့် Home Garden စိုက်ခင်းများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်