ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဆောင်ရွက်သည့် တိုင်းရင်းသားရိုးရာဂျပ်ခုပ် နည်းပညာသင်တန်း(ရက်ကန်းဒီဇိုင်း) ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

ပေါက်ခေါင်း သြဂုတ် ၂၄

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာနက ကြီးမှူးဖွင့်လှစ်ပေးခဲ့သော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်သည့် တိုင်းရင်းသားရိုးရာဂျပ်ခုပ် နည်းပညာသင်တန်း (ရက်ကန်းဒီဇိုင်း)ကို ချင်းတိုင်းရင်းသားလူမျိုး အများဆုံးနေထိုင်သည့် ဘန့်ပြင်ကျေးရွာအုပ်စု၊ကြိုးကြာကျေးရွာတွင် ဩဂုတ်လ ၁၀ ရက်မှ စတင်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်နှင့် မိမိဘဝရပ်တည်နိုင်ရန်၊ နည်းပညာများ အသုံးပြု၍ တန်ဖိုးမြှင့် အဝတ်အထည်ဒီဇိုင်းများ ထုတ်လုပ်ပြီး ရောင်းချနိုင်သည်အထိ ရည်ရွယ်သင်ကြားပေးမည် ဖြစ်ကြောင်းနှင့် သင်တန်းတွင်ချင်းရိုးရာ အဝတ်အထည်နှင့် ကရင်ရိုးရာအဝတ်အထည် (၂)မျိုးဂျက်ခုတ်နည်းကို သင်ကြားပေးမည်ဖြစ်ပြီး အဆိုပါတိုင်းရင်းသားရိုးရာဂျပ်ခုပ် နည်းပညာသင်တန်း (ရက်ကန်းဒီဇိုင်း)သို့ သင်တန်းသူ (၁၅) ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ သြဂုတ်လ (၁၀) ရက်နေ့မှ စက်တင်ဘာလ (၈) ရက်နေ့အထိ တစ်လကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ပြီး မွမ်းမံသင်တန်းကိုလည်း (၁၅) ရက်ကြာ ထပ်မံ သင်ကြားပေးသွားမည်ဖြစ်ကာ သင်တန်းပြီးဆုံးပါက လုပ်ငန်းထူထောင်မည့်သူ (၅) ဦးအား ဌာနမှတစ်ဦးလျှင် ငွေကျပ် (၁၀) သိန်းနှင့်ညီမျှသော ထောက်ပံ့ပစ္စည်းများ ပံ့ပိုးပေးသွားမည် ဖြစ်‌ကြောင်း ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)