သနပ်ပင် သြဂုတ် ၂၄
ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးရေး၊ အမျိုးသမီးများ အိုမကွာအိမ်မကွာဖြင့် ဝင်ငွေရှာဖွေနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက သနပ်ပင်မြို့နယ် ဖရဲစံပြကျေးရွာ ဓမ္မရက္ခိတဘုန်းတော်ကြီးကျောင်း၌ အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွန်းက အဖွင့်အမှာစကားနှင့် မိမိတို့၏ ဦးစီးဌာနအနေဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည်ဟူသော မျှော်မှန်းချက်နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်မှစတင်ပြီး ရုံးချုပ်၊ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်(၁၅)ခုရှိ မြို့ပြအပါအဝင် ကျေးရွာ(၁၅၅)ရွာကို ရွေးချယ်ပြီး ဒေသထွက်ကုန်ကြမ်းများအပေါ် မူတည်၍လည်းကောင်း၊ ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်အရလည်းကောင်း၊ မြို့ပြနှင့်ကျေးလက်နေလူငယ်များထဲမှ ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်မှုမရှိသော လူငယ်များအား ရွေးချယ်၍လည်းကောင်း၊ အိုးမကွာအိမ်မကွာဖြင့် မိသားစုဝင်ငွေတိုးပွားရေး လုပ်ကိုင်ဆောင်ရွက်လိုသော အမျိုးသမီးများအား ရွေးချယ်၍သော်လည်းကောင်း စီမံကိန်းလုပ်ငန်း(၄)ခုဖြင့် စဥ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဖရဲစံပြကျေးရွာ၌ စီမံကိန်းလုပ်ငန်း (၄)ခုအနက်မှ ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးရေးဆောင်ရွက်မည့်လုပ်ငန်းဖြစ်သည့် အမျိုးသမီးများ အိုးမကွာအိမ်မကွာဖြင့် ဝင်ငွေရှာဖွေရေးဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်းကြောင့် ရရှိမည့်အကျိုးကျေးဇူးများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် သနပ်ပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်က ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် ဖရဲစံပြကျေးရွာရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေပြီး အမျိုးသမီးများ အိုးမကွာအိမ်မကွာဖြင့် အလုပ်အကိုင်ရရှိကာ ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လာနိုင်စေရန် ဖွင့်လှစ်ပေးခြင်းဖြစ်ခြင်းကြောင့် သင်တန်းသူများအနေဖြင့် သင်တန်းမှသင်ကြားပေးသည့် အတတ်ပညာများကို လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးချပြီး မိသားစုဝင်ငွေတိုးရေးအတွက် အိမ်တွင်းတနိုင်တပိုင် အဝတ်အထည်ထုတ်လုပ်ဖြန့်ချီရေး အထည်ချုပ်လုပ်ငန်းငယ်လေးများ ပေါ်ထွန်းလာအောင် ဆောင်ရွက်သွားကြနိုင်သည်အထိ ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းအားပေးစကားပြောကြားပြီး သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် အသေးစားစက်မှုလက်မှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး သင်ထောက်ကူပစ္စည်းများနှင့် သင်တန်းသူများ စက်ချုပ်ပညာသင်ကြားနေမှုအား ကြည့်ရှု့ကြကြောင်းသိရသည်။
အဆိုပါသင်တန်းအား သင်တန်းသူ(၁၅)ဦး တက်ရောက်ကာ သြဂုတ်လ(၂၃)ရက်နေ့မှ စက်တင်ဘာလ(၂၁)ရက်နေ့အထိ ရက်ပေါင်း(၃၀)ကြာ စက်ပစ္စည်းများဖြင့် စက်ချုပ်သင်တန်းသုံးပစ္စည်းများ ကိုင်တွယ်အသုံးပြုပုံနှင့် အခြေခံချုပ်ရိုးများချုပ်နည်း၊ အခြေခံစက်နင်းနည်း၊ ကိုယ်တိုင်းနည်း၊ Pattern ဆွဲနည်း၊ အင်္ကျီလက်ပြတ်ချုပ်နည်း၊ ကလေးအင်္ကျီ/ ရင်ဆက်/ ခါးဆက်ဂါဝန်ချုပ်နည်း၊ ကလေးဘောင်းဘီချုပ်နည်း၊ သင်္ဘောသားအင်္ကျီချုပ်နည်း၊ မိန်းမဝတ်ရင်စေ့ချုပ်နည်း၊ မိန်းမဝတ်နောက်ကွဲ(နောက်ဇစ်) တပ်နည်းနှင့်ချုပ်နည်း၊ မိန်းမဝတ်မြန်မာရင်ဖုံးချုပ်နည်း၊ မိန်းမဝတ်မြန်မာရင်ဖုံး(ပုံဆန်း)ချုပ်နည်း၊ မိန်းမဝတ်ရင်ဖြတ်ဆက်ချုပ်နည်း၊ ထဘီချုပ်နည်း၊ အခြေခံစကပ်ချုပ်နည်း၊ သုံးလွှာစကပ်ချုပ်နည်း၊ ချိတ်စကပ်ချုပ်နည်း၊ လေးလွှာစကပ်ချုပ်နည်း စသည့်ဘာသာရပ်(၁၈)ခုတို့ကို သင်တန်းနည်းပြများက စာတွေ့၊ လက်တွေ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
လှမိုး(ပြန်/ဆက်)